၂၀၁၉ ခုနှစ် မတ်လတွင် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က ၎င်း၏ ပဉ္စမမြောက် လူထုသဘောထား အမြင်စစ်တမ်းဖြစ်သည့် “၂၀၂၀ ခုနှစ်အတွက် နိင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်” စစ်တမ်းကို မြို့နယ် ၂၃၃ ခုရှိ ရပ်ကွက်နှင့် ကျေးရွာနေရာပေါင်း ၅၁၁ နေရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့ပါသည်။ စစ်တမ်းကောက်ယူသူ ၅၁၁ ဦးက ပြည်နယ်များအတွက် အပိုဆောင်းကောက်ယူမှု ၇၈၂ခု၊ ရန်ကုန်မြို့တော်အတွက် အပိုဆောင်းကောက်ယူမှု ၅၄၄ ခုနှင့် ရှမ်းပြည်နယ်အတွက် အပိုဆောင်းကောက်ယူမှု ၄၂၈ ခုတို့အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မျက်နှာချင်းဆိုင်တွေ့ဆုံမေးမြန်းမှုပေါင်း ၂၉၇၈ ခုကို ပြုလုပ်ခဲ့ပါသည်။
လာမည့် ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲကို နောက်လာမည့် တစ်နှစ်ခွဲအတွင်း ကျင်းပလိမ့်မည်ဟု မျှော်လင့်ရသည့်အလျောက် ယခုစစ်တမ်းတွင် လာမည့်အထွေထွေရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် သဘောထားအမြင်များကို အဓိကထား မေးမြန်းခဲ့ပါသည်။ ဥပမာအားဖြင့် ယခင်ရွေးကောက်ပွဲများနှင့် လာမည့်ရွေးကောက်ပွဲများအတွက် မဲပေးလိုသည့် ကိုယ်စားလှယ်လောင်းအမျိုးအစားနှင့် အရည်အချင်းစသည့် သဘောထားအမြင်များ၊ နိုင်ငံရေးပါတီများအပေါ် အမြင်သဘောထားတို့အပြင် မည်သည့်ပါတီများကို ထောက်ခံအားပေးသည် သို့မဟုတ် နီးစပ်မှုရှိသည် စသည်တို့ကိုလည်း မေးမြန်းထားပါသည်။ ထို့ပြင် ပြည်ထောင်စုအဆင့်လွှတ်တော် နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များအပေါ် အမြင်သဘောထား၊ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေအပေါ်သဘောထားအမြင်တို့နှင့် ပတ်သက်၍လည်း မေးမြန်းထားပါသည်။ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများအပြင် PACE အဖွဲ့ နှစ်စဉ်မေးမြန်းခဲ့သော အကြောင်းအရာများဖြစ်သည့် နိုင်ငံရေးနှင့်အများပြည်သူဆိုင်ရာ ကိစ္စများတွင် ပါဝင်မှု အတိုင်းအတာ၊ နိုင်ငံရေးကို စိတ်ဝင်စားမှု၊ လူအချင်းချင်းအကြားယုံကြည်မှု နှင့် အင်စတီကျူးရှင်းများအပေါ်ယုံကြည်မှုတို့ကို ယခုစစ်တမ်းတွင် ထပ်မံထည့်သွင်းမေးမြန်းထားပါသည်။

လူအချင်းချင်းအကြားယုံကြည်မှု

PACE အဖွဲ့က မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူအချင်းချင်းအကြားယုံကြည်မှုအတိုင်းအတာကို ၂၀၁၅ ခုနှစ်မှ စတင်တိုင်းတာခဲ့ပါသည်။ ယခုစစ်တမ်းတွင် ဖြေဆိုသူများ၏ လေးပုံတစ်ပုံ (၂၅%) က “လူအများကယုံကြည်စိတ်ချရပါသည်” ဟု ဖြေကြားကြပြီး ဖြေဆိုသူအများစု (၆၆%) ကမူ “သတိထားပြီးဆက်ဆံရပါသည်” ဟု ဆိုကြပါသည်။ ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ် တို့နှင့် နှိုင်းယှဉ်ပါက လူအချင်းချင်းအကြားယုံကြည်မှုမှာ ယခုနှစ် (၂၅%) တွင် အနည်းငယ်မြင့်တက်လာသည်ကိုတွေ့ရပါသည် ။ သို့သော်လည်း ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး ၂၀၁၆ ခုနှစ်တွင်ကောက်ယူခဲ့သည့် စစ်တမ်းနှင့် နှိုင်းယှဉ်ပါက ယခုနှစ်မှာ ပိုမိုနည်းပါးသည်ကိုတွေ့ရပါသည်။ လူအများအပေါ်ယုံကြည်မှုမှာ မြို့ပြကဖြေဆိုသူများ (၂၂%) နှင့် ကျေးလက်ကဖြေဆိုသူများ (၂၆%) များအကြား စာရင်းအင်းအရနှိုင်းယှဉ်ပါက ကွာခြားမှုရှိသည်ဟု မဆိုနိုင်ပါ။ အမျိုးသားများ (၂၇%) က အမျိုးသမီးများ (၂၂%) ထက် လူအချင်းချင်းအကြားယုံကြည်မှုအတိုင်းအတာ ပိုမို မြင့်မားသော်လည်း အသက် ၁၈-၃၅ နှစ်အကြား အသက်အရွယ်ရှိသူ ဖြေဆိုသူများ (၂၃%) နှင့် အသက် ၃၅ နှစ်အထက်အရွယ်ရှိသူဖြေဆိုသူများ (၂၆%) အကြား စာရင်းအင်းအရ ကွာခြားမှု မရှိသည်ကို တွေ့ရပါသည်။ ပြည်နယ်များကဖြေဆိုသူများ (၂၇%) နှင့် တိုင်းဒေသကြီးများကဖြေဆိုသူများ (၂၄%) အကြား ကွာခြားမှုမရှိသည်ကိုတွေ့ရပါသည်။ ရန်ကုန်မြို့တော်က ဖြေဆိုသူများ (၁၈%) က လူအများစုကယုံကြည်စိတ်ချရပါသည်ဟု ဖြေကြားမှု ပိုမိုနည်းပါးသည်ကိုတွေ့ရပါသည်။

အင်စတီကျူရှင်းများအပေါ်ယုံကြည်မှု

PACE အဖွဲ့အနေဖြင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ လူအချင်းချင်းအကြားယုံကြည်မှုကို တိုင်းတာသကဲ့သို့ပင် နိုင်ငံသားများအနေဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ လွှတ်တော်များ၊ တရားရုံးများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ စသည့်အင်စတီကျူးရှင်းများ၊ ရာထူးတာဝန်များ၊ ခေါင်းဆောင်များ စသည်တို့အပေါ် ယုံကြည်မှုအတိုင်းအတာ မည်မျှရှိသည်ကို မေးမြန်းခြင်းဖြင့် နိုင်ငံရေးအရယုံကြည်မှုကိုပါ တိုင်းတာခဲ့ပါသည်။

မှန်ကန်သည့်လမ်းကြောင်း သို့မဟုတ် မှားယွင်းသည့်လမ်းကြောင်း (မြို့နယ်အဆင့်)

PACE အဖွဲ့ စစ်တမ်းကောက်ယူသူများက ဖြေဆိုသူများကို ယေဘုယျအားဖြင့် ၎င်းတို့၏ မြို့နယ်များအတွင်းရှိ ကိစ္စရပ်များက လမ်းကြောင်းမှန်အတိုင်း သို့မဟုတ် လမ်းကြောင်းအမှားအတိုင်း သွားနေပါသလားဟုမေးမြန်းရာ ဖြေဆိုသူများ၏ ထက်ဝက်နီးပါး (၄၄%) က လမ်းကြောင်းမှန်အတိုင်းသွားနေသည်ဟုဖြေဆိုပြီး အနည်းငယ် (၉%) က လမ်းကြောင်းအမှားဟုဆိုကာ ဖြေဆိုသူများ၏ ၄၄% က မသိပါဟုဖြေဆိုကြပါသည်။ “လမ်းကြောင်းအမှန်” ဟုဖြေဆိုမှုတွင် မြို့ပြ (၄၀%) နှင့်ကျေးလက် (၄၆%) အကြား ကွာခြားမှုမရှိသော်လည်း “လမ်းကြောင်းအမှား” ဟု ဖြေဆိုမှုတွင်မူ မြို့ပြကဖြေဆိုသူများ (၁၃%) က ကျေးလက်ကဖြေဆိုသူများ (၇%) ထက် အနည်းငယ်ပိုပါသည်။ ရန်ကုန်မြို့တော်က ဖြေဆိုသူများတွင် ၃၉% က “လမ်းကြောင်းအမှန်” ဟု ဖြေကြားကြပြီး ၁၁% က “လမ်းကြောင်းအမှား” ဟု ဖြေကြားကာ ၄၇% ကမူ “မသိပါ” ဟုဖြေကြားကြပါသည်။ ပြည်နယ်များ (၄၁%က လမ်းကြောင်းအမှန်၊ ၁၂% က လမ်းကြောင်းအမှား) နှင့် တိုင်းဒေသကြီးများ (၄၅% က လမ်းကြောင်းအမှန်၊ ၈% က လမ်းကြောင်းအမှား) အကြား ကွာခြားမှု မရှိသည်ကိုတွေ့ရပါသည်။ 

မှန်ကန်သည့်လမ်းကြောင်း သို့မဟုတ် မှားယွင်းသည့်လမ်းကြောင်း (တိုင်းဒေသကြီးများ/ပြည်နယ်များ)

PACE အဖွဲ့ စစ်တမ်းကောက်ယူသူများက ဖြေဆိုသူများကို ယေဘုယျအားဖြင့် ၎င်းတို့၏ တိုင်းဒေသကြီးများနှင့် ပြည်နယ်အတွင်းရှိ ကိစ္စရပ်များက လမ်းကြောင်းမှန်အတိုင်း သို့မဟုတ် လမ်းကြောင်းအမှားအတိုင်း သွားနေပါသလားဟုမေးမြန်းရာ ဖြေဆိုသူများ၏ သုံးပုံတစ်ပုံခန့် (၃၈%) က လမ်းကြောင်းမှန်အတိုင်းသွားနေသည်ဟုဖြေဆိုပြီး ၈% က လမ်းကြောင်းအမှားဟုဆိုကာ ဖြေဆိုသူများထက်ဝက်ခန့် (၅၁%) ကမူ မသိပါ ဟုဖြေဆိုကြပါသည်။ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ပြည်နယ်များ ( ၃၂% က လမ်းကြောင်းအမှန်၊ ၁၁% က လမ်းကြောင်းအမှား) က တိုင်းဒေသကြီးများ (၄၀% က လမ်းကြောင်းအမှန် နှင့် ၇% က လမ်းကြောင်းအမှား) လောက် စိတ်ကျေနပ်မှု မရှိသည်ကိုတွေ့ရပါသည်။ ရန်ကုန်မြို့တော်က ဖြေဆိုသူများ၏ ၃၇% က လမ်းကြောင်းအမှန်အတိုင်းသွားနေသည်ဟု ဖြေဆိုပြီး ၁၀% က လမ်းကြောင်းအမှားအတိုင်းသွားနေသည်ဟု ဖြေကြားကြပါသည်။

မှန်ကန်သည့်လမ်းကြောင်း သို့မဟုတ် မှားယွင်းသည့်လမ်းကြောင်း (နိုင်ငံအတွင်း)

PACE အဖွဲ့စစ်တမ်းကောက်ယူသူများက ဖြေဆိုသူများကို ယေဘုယျအားဖြင့် နိုင်ငံအတွင်းရှိကိစ္စများသည် လမ်းကြောင်းအမှန် သို့မဟုတ် လမ်းကြောင်းအမှားအတိုင်း သွားနေပါသလားဟုမေးရာ ဖြေဆိုသူ သုံးပုံတစ်ပုံ (၃၇%) က လမ်းကြောင်းမှန်အတိုင်း သွားနေသည်ဟုဖြေဆိုကာ ၈% က လမ်းကြောင်းအမှားအတိုင်း သွားနေသည်ဟု ဖြေဆိုပြီး ထက်ဝက်ခန့် (၅၀%) က မသိပါ ဟုဖြေကြားကြပါသည်။ IRI (International Republican Institute) အဖွဲ့က ၂၀၁၄ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင်ကောက်ယူခဲ့သည့် စစ်တမ်းများနှင့် နှိုင်းယှဉ်ပါက “လမ်းကြောင်းမှန်အတိုင်း သွားနေသည်” ဟုဖြေဆိုမှုများမှာ သိသိသာသာကျဆင်းသွားသည်ကို တွေ့ရပါသည် (၈၈% (၂၀၁၄) နှင့် ၇၅% (၂၀၁၇) “လမ်းကြောင်းမှန်အတိုင်းသွားနေသည်”) ။ “လမ်းကြောင်းမှန်အတိုင်းသွားနေသည်” ဟုဖြေဆိုမှုတွင် မြို့ပြကဖြေဆိုသူများ (၃၇%) နှင့် ကျေးလက်ကဖြေဆိုသူများ (၃၇%) အကြား ကွာခြားမှုမရှိသော်လည်း မြို့ပြကဖြေဆိုသူများ (၁၂%) က “လမ်းကြောင်းအမှားအတိုင်းသွားနေသည်” ဟုဖြေဆိုမှုတွင် ကျေးလက် (၇%) ထက် အနည်းငယ်ပိုများသည်ကို တွေ့ရပါသည်။ “လမ်းကြောင်းမှန်” ဟု ဖြေဆိုမှုတွင် ပြည်နယ်များ (၂၈%) က တိုင်းဒေသကြီးများ (၄၀%) ထက် ပိုမိုနည်းပါးသော်လည်း လမ်းကြောင်းအမှားဟုဖြေဆိုမှုတွင် ပြည်နယ်များ (၁၂%) က တိုင်းဒေသကြီးများ (၇%) ထက် အနည်းငယ်ပိုများသည်ကိုတွေ့ရပါသည်။ 

လမ်းကြောင်းအမှန်သတ်မှတ်မှုအတွက် အကြောင်းပြချက်များ (နိုင်ငံအဆင့်)

ဆက်လက်၍ PACE အဖွဲ့စစ်တမ်းကောက်ယူသူများက လက်ရှိနိုင်ငံအတွင်းရှိကိစ္စရပ်များမှာ လမ်းကြောင်းအမှန်အတိုင်းသွားနေသည်ဟု ဖြေကြားသူများကို ဆက်လက်ပြီး မည်သည့်အကြောင်းကြောင့် လမ်းကြောင်းမှန်အတိုင်းသွားနေသည်ဟု ဆိုရသည်ကိုမေးမြန်းရာ အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများကဏ္ဍ (၄၂%)၊ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးကဏ္ဍ (၃၀%)၊ စီးပွားရေးကဏ္ဍ (၁၆%)၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ (၄%)၊ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများ (၃%)၊ လုံခြုံရေးနှင့်ဘေးရန်ကင်းမှု (၁%) တို့ကြောင့်ဟုဖြေဆိုကြပြီး ဖြေဆိုသူများ၏ ၃၂% ကမူ မသိပါဟုဖြေကြားကြပါသည်။ 

အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများ၄၂%
ပညာရေးစနစ်ကောင်းမွန်လာခြင်း၃၆%
အခြေခံအဆောက်အအုံတိုးတက်ကောင်းမွန်လာခြင်း၁၃%
ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ကောင်းမွန်လာခြင်း၂%
စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးစနစ်၃၀%
အုပ်ချုပ်ရေးစနစ်များ ကောင်းမွန်လာခြင်း၁၀%
ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းကို ပိုမိုဆောင်ရွက်လာခြင်း၅%
ခေါင်းဆောင်မှုကောင်းမွန်ခြင်း၅%
အစိုးရ၏ တာဝန်ယူမှု/တာဝန်ခံမှု ပိုမိုအားကောင်းလာခြင်း၄%
တရားဥပဒေစိုးမိုးမှုပိုမိုကောင်းမွန်လာခြင်း၃%
မူဝါဒများ ပိုမိုကောင်းမွန်လာခြင်း၃%
အဂတိလိုက်စားမှုများ လျော့ကျသွားခြင်း၂%
ဖက်ဒရယ်စနစ်ကို ပိုမိုကျင့်သုံးလာနိုင်ခြင်း၁%
စီမံခန့်ခွဲမှုပိုမိုကောင်းမွန်လာခြင်း၁%
စီးပွားရေးကဏ္ဍ၁၆%
ဒေသန္တရ ဖွံ့ဖြိုးမှု၉%
စီးပွားရေးဖွံ့ဖြိုးလာခြင်း၄%
အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာခြင်း၂%
ငြိမ်းချမ်းရေးဖြစ်စဉ်၄%
ငြိမ်းချမ်းရေး ပိုမိုရရှိလာခြင်း၄%
ပဋိပက္ခများ လျော့နည်းသွားခြင်း၀.၄%
လွတ်လပ်မှုနှင့် အခွင့်အရေးများ၃%
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များပိုမိုရရှိလာခြင်း၁%
အလုပ်သမားနှင့် လူနည်းစုအခွင့်အရေးများပိုမိုရရှိလာခြင်း၁%
လုံခြုံမှုနှင့် ဘေးရန်ကင်းမှု၁%
ရာဇဝတ်မှုများကျဆင်းသွားခြင်း၁%
အခြား၁၁%
မသိပါ၃၂%

လမ်းကြောင်းအမှား သတ်မှတ်မှုအတွက် အကြောင်းပြချက်များ (နိုင်ငံအဆင့်)

ထို့နောက် PACE အဖွဲ့စစ်တမ်းကောက်ယူသူများက လက်ရှိနိုင်ငံအတွင်းရှိကိစ္စရပ်များမှာ လမ်းကြောင်းအမှားအတိုင်း သွားနေသည်ဟု ဖြေကြားသူများကို ဆက်လက်ပြီး မည်သည့်အကြောင်းကြောင့် လမ်းကြောင်းအမှားအတိုင်းသွားနေသည်ဟု ဆိုရသည်ကိုမေးမြန်းရာ အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများကဏ္ဍ (၃၉%)၊ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးကဏ္ဍ (၃၀%)၊ စီးပွားရေးကဏ္ဍ (၁၇%)၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခကဏ္ဍ (၁၀%)၊ ၂၀၀၈ အခြေခံဥပဒေကို မပြင်ဆင်နိုင်ခြင်း (၃%)၊ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများ (၂%)၊ လုံခြုံရေးနှင့်ဘေးရန်ကင်းမှု (၂%) တို့ကြောင့်ဟုဖြေဆိုကြပြီး ဖြေဆိုသူများ၏ ၂၃% ကမူ မသိပါဟုဖြေကြားကြပါသည်။ 

အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများ၃၉%
ပညာရေးစနစ်ညံ့ဖျင်းသွားခြင်း၃၉%
အခြေခံအဆောက်အအုံတိုးတက်ကောင်းမွန်လာခြင်း
ကျန်းမာရေးစောင့်ရှောက်မှုများ ညံ့ဖျင်းသွားခြင်း၁%
စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးစနစ်၃၀%
တရားဥပဒေစိုးမိုးမှုမရှိခြင်း၈%
အစိုးရ၏ တာဝန်ယူမှုနှင့် တာဝန်ခံမှု အားနည်းသွားခြင်း၇%
အုပ်ချုပ်ရေးစနစ်ညံ့ဖျင်းလာခြင်း၆%
စည်းမျဉ်းစည်းကမ်းများ လျော့နည်းလာခြင်း၅%
ခေါင်းဆောင်မှုညံ့ဖျင်းခြင်း၃%
ဖက်ဒရယ်စနစ်မကျင့်သုံးနိုင်ခြင်း၃%
အဂတိလိုက်စားမှုများ ပိုမိုမြင့်မားလာခြင်း၃%
စီမံခန့်ခွဲမှု ညံ့ဖျင်းလာခြင်း၃%
ဗဟိုချုပ်ကိုင်မှု ပိုမိုများပြားလာခြင်း၃%
ဘက်လိုက်မှုများပိုမိုများပြားလာခြင်း၂%
မူဝါဒများ ညံ့ဖျင်းလာခြင်း၁%
စီးပွားရေးကဏ္ဍ၁၇%
စီးပွားရေးဖွံ့ဖြိုးမှုမရှိခြင်း၇%
ဒေသန္တရဖွံ့ဖြိုးမှုမရှိခြင်း၅%
အလုပ်အကိုင်အခွင့်အလမ်းများနည်းသွားခြင်း၂%
အခွန်ပေးဆောင်ရမှုများ ပိုမိုများပြားလာခြင်း၁%
စိုက်ပျိုးရေးကဏ္ဍကျဆင်းသွားခြင်း၁%
လူသားအရင်းအမြစ်များ မရှိခြင်း၁%
မြေယာသိမ်းဆည်းမှုများရှိနေခြင်း၁%
ငြိမ်းချမ်းရေးဖြစ်စဉ်၁၀%
ပဋိပက္ခများ ပိုမိုများပြားလာခြင်း၇%
ငြိမ်းချမ်းရေးမရရှိခြင်း၃%
၂၀၀၈ အခြေခံဥပဒေကို မပြင်ဆင်နိုင်ခြင်း၃%
လွတ်လပ်မှုနှင့် အခွင့်အရေးများ၂%
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များနည်းပါးသွားခြင်း၁%
လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကျဆင်းလာခြင်း၁%
အလုပ်သမားနှင့် လူနည်းစုအခွင့်အရေးများရရှိမှုနည်းပါးလာခြင်း၁%
လုံခြုံမှုနှင့် ဘေးရန်ကင်းမှု၂%
ရာဇဝတ်မှုများပိုမိုများပြားလာခြင်း၂%
အခြား၁၁%
မသိပါ၂၃%

ဥပဒေပြုခြင်း

PACE အဖွဲ့စစ်တမ်းကောက်ယူသူများက ဖြေဆိုသူများကို ဥပဒေတစ်ခုပြုလုပ်ပြဋ္ဌာန်းခြင်းနှင့် ပတ်သက်၍ အဆို ၂ ခုကို ဖတ်ပြပြီး မည်သည့်အဆိုကို ပို၍သဘောတူညီမှုရှိသည်ကို ရွေးချယ်စေပါသည်။ ပထမအဆိုမှာ “အစိုးရဝန်ကြီးဌာနများက ဥပဒေများကို ဦးဆောင်ရေးဆွဲပြီး လွှတ်တော်က အပြောင်းအလဲ အနည်းငယ်ပြုလုပ်ကာ အတည်ပြုပြဋ္ဌာန်းသင့်သည်။” ဒုတိယအဆိုမှာ “လွှတ်တော်က ဥပဒေများကို ဦးဆောင်ရေးဆွဲပြီး အစိုးရဝန်ကြီးဌာနများ၊ နိုင်ငံသားများ၊ ပညာရှင်များနှင့် တိုင်ပင်ညှိနှိုင်းကာ အတည်ပြုပြဋ္ဌာန်းသင့်သည်” တို့ ဖြစ်ပါသည်။ ဖြေဆိုသူထက်ဝက်ခန့် (၅၀%) က လွှတ်တော်ကသာ တာဝန်ယူသင့်သည် ဆိုသည်ကို သဘောတူလက်ခံကြပြီး သုံးပုံတစ်ပုံခန့် (၃၉%) က မသိပါဟုဖြေကြားကြပါသည်။ 

ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ဆောင်ရွက်ချက်များ

ပြည်နယ်/တိုင်းဒေသကြီးအဆင့်လွှတ်တော်များ၏ ဆောင်ရွက်ချက်များ

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များ

PACE အဖွဲ့စစ်တမ်းကောက်ယူသူများက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်သည့် လုပ်ငန်းများဖြစ်သည့် လွှတ်တော် အစည်းအဝေးများတွင် တက်ကြွစွာပါဝင်ဆွေးနွေးခြင်း၊ ဥပဒေကြမ်းများတင်သွင်းခြင်း၊ အခြားပါတီမှ အမတ်များနှင့် ပူးပေါင်း ဆောင် ရွက်ခြင်း၊ ဝန်ကြီးဌာန/ အုပ်ချုပ်ရေးကဏ္ဍမှ တာဝန်ရှိသူများကို မေးခွန်းများမေးမြန်းခြင်း၊ ဥပဒေပြုရာတွင် နိုင်ငံသားများနှင့် ကျွမ်းကျင်သူပညာရှင်များ၏ အကြံဉာဏ်များရယူခြင်း၊ မဲဆန္ဒနယ်များသို့ပုံမှန်သွားရောက်ခြင်းနှင့် မဲဆန္ဒနယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့နှင့် ပတ်သက်၍ ဖြေဆိုသူများက ၎င်းတို့၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များ ကို မည်သည့်အနေအထားတွင်ရှိသည်ကို အဆင့် “၁” မှ “၅” အတွင်း အဆင့်သတ်မှတ်စေခဲ့ပါသည်။ “၁” မှာ အလွန်ညံ့ပါသည် ဖြစ်ပြီး “၅” မှာ အလွန်ကောင်းပါသည်တို့ ဖြစ်ပါသည်။ 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအပေါ် မဲဆန္ဒရှင်များ၏ မျှော်မှန်းချက်

မဲဆန္ဒရှင်များ၏ မျှော်မှန်းချက်များအတိုင်း ပြည့်မီရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မည်သည့်ကဏ္ဍများတွင် ပိုမိုအားထုတ်သင့်သည်ဟု ထင်သနည်းဟု ဖြေဆိုသူများကို မေးရာ ၄၇% က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့၏ မဲဆန္ဒနယ်ရှိ ဒေသဆိုင်ရာ ပြဿနာများကို ပိုမိုနားလည်အောင် အားထုတ်သင့်သည်ဟုဖြေကြားပြီး ၃၀% က မဲဆန္ဒနယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ အရည်အသွေးကောင်းမွန်ရန် စစ်ဆေးမှုများပြုရမည်၊ ၂၄% က နိုင်ငံလုံးဆိုင်ရာ ကိစ္စများကို ပိုမိုနားလည်သဘောပေါက်ရန် အားထုတ်ရမည်၊ ၁၈% က မဲဆန္ဒနယ်များကို သွားရောက်ရမည် နှင့် ၁၂ % က ဥပဒေပြုရေးလုပ်ငန်းစဉ်များကို ယခုထက်ပို၍ နားလည်အောင် ဆောင်ရွက်ရမည်ဟု အသီးသီးဖြေကြားကြပါသည်။

တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များ

PACE အဖွဲ့စစ်တမ်းကောက်ယူသူများက တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်သည့် လုပ်ငန်းများဖြစ်သည့် လွှတ်တော်အစည်းအဝေးများတွင် တက်ကြွစွာပါဝင်ဆွေးနွေးခြင်း၊ ဥပဒေကြမ်းများတင်သွင်းခြင်း၊ အခြားပါတီမှ အမတ်များနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ဝန်ကြီးဌာန/ အုပ်ချုပ်ရေးကဏ္ဍမှ တာဝန်ရှိသူများကို မေးခွန်းများမေးမြန်းခြင်း၊ ဥပဒေပြုရာတွင် နိုင်ငံသားများနှင့် ကျွမ်းကျင်သူပညာရှင်များ၏ အကြံဉာဏ်များရယူခြင်း၊ မဲဆန္ဒနယ်များသို့ပုံမှန်သွားရောက်ခြင်းနှင့် မဲဆန္ဒနယ်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း စသည်တို့နှင့် ပတ်သက်၍ ဖြေဆိုသူများက ၎င်းတို့၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များကို မည့်သည့်အနေအထားတွင်ရှိသည်ကို အဆင့် “၁” မှ “၅” အတွင်း အဆင့်သတ်မှတ်စေခဲ့ပါသည်။ “၁” မှာ အလွန်ညံ့ ပါသည် ဖြစ်ပြီး “၅” မှာ အလွန်ကောင်းပါသည်တို့ ဖြစ်ပါသည်။ 

ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအပေါ် နိုင်ငံသားများ၏ မျှော်မှန်းချက်များ

မဲဆန္ဒရှင်များ၏ မျှော်မှန်းချက်များအတိုင်း ပြည့်မီရန် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မည်သည့်ကဏ္ဍများတွင် ပိုမိုအားထုတ်သင့်သည်ဟု ထင်သနည်းဟု ဖြေဆိုသူများကို မေးရာ ၄၆% က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့၏ မဲဆန္ဒနယ်ရှိ ဒေသဆိုင်ရာ ပြဿနာများ ပိုမိုနားလည်အောင် အားထုတ်သင့်သည်ဟုဖြေကြားပြီး ၃၄% က မဲဆန္ဒနယ်တွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ အရည်အသွေးကောင်းမွန်ရန် စစ်ဆေးမှုများပြုရမည်၊ ၂၂% က နိုင်ငံလုံးဆိုင်ရာ ကိစ္စများကို ပိုမိုနားလည်သဘောပေါက်ရန် အားထုတ်ရမည်၊ ၁၇% က မဲဆန္ဒနယ်များကို သွားရောက်ရမည် နှင့် ၁၁% က ဥပဒေပြုရေးလုပ်ငန်းစဉ်များကို ယခုထက်ပို၍ နားလည်အောင် ဆောင်ရွက်ရမည်ဟု အသီးသီးဖြေကြားကြပါသည်။

နိုင်ငံသားများနှင့် နိုင်ငံရေးပါတီများ

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီစုစုပေါင်း ၉၀ ကျော်ရှိပါသည်။ ယခုစစ်တမ်းတွင် နိုင်ငံသားများက ယင်းနိုင်ငံရေးပါတီများအပေါ် မည်သို့သဘောထားသည်ကို သိရှိနိုင်ရန်အတွက် ဖြေဆိုသူများကို မည်သည့်နိုင်ငံရေးပါတီက ၎င်းတို့၏ အကျိုးစီးပွားနှင့် ဆန္ဒကို အနီးစပ်ဆုံး ကိုယ်စားပြုနေသလဲဟု မေးမြန်းခဲ့ပါသည်။ ထို့နောက် ယင်းပါတီက အမည်စာရင်းတင်သွင်းသည့် ကိုယ်စားလှယ်လောင်းများကို မဲပေးရန် ဆန္ဒ ရှိ/မရှိ ကို ဆက်လက်မေးမြန်းခဲ့ပါသည်။ 

ဖြေဆိုသူများကို လက်ရှိပါတီများတွင် မည်သည့်ပါတီက ၎င်းတို့၏ အကျိုးစီးပွားနှင့် သဘောထားအမြင်ကို အနီးစပ်ဆုံးကိုယ်စားပြုပါ သလဲ ဟုမေးမြန်းရာ ဖြေဆိုသူများ၏ ထက်ဝက်ခန့် (၅၀%) က မည်သည့်ပါတီအမည်ကိုမှ ဖြေကြားခြင်းမပြုကြပါ (၁၆.၃% က “မည်သည့်ပါတီကမှ ကိုယ်စားမပြုပါ” နှင့် ၃၄.၅% က “မသိပါ” ဟု တုံ့ပြန်ကြပါသည်)။ သုံးပုံတစ်ပုံ (၃၂.၉%) က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ-NLD ဟုအများဆုံး ဖြေကြားပါသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-USDP (၅.၅%) ၊ ရခိုင်အမျိုးသားပါတီ-ANP (၁.၈%) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-SNLD (၀.၅%) စသဖြင့် ဖြေကြားကြပါသည်။ ထို့ပြင် ၁.၈% က အခြားပါတီ ၁၅ ပါတီ၏ အမည်များကို ဖြေဆိုကြပါသည်။ 

ကိုယ်စားလှယ်လောင်းအကြိုက်နှင့် နိုင်ငံရေးပါတီ

ဆက်လက်၍ မိမိ၏အကျိုးစီးပွားနှင့် သဘောထားအမြင်ကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီရှိသည်ဟု တုံ့ပြန်သည့် ဖြေဆိုသူများကို ယင်းပါတီများက အမည်စာရင်းတင်သွင်းသည့် ကိုယ်စားလှယ်အမျိုးအစားအပေါ်မူတည်၍ မဲပေးလိုစိတ် အတိုင်းအတာကို မေးမြန်းခဲ့ပါသည်။ PACE အဖွဲ့က အကယ်၍ ၎င်းတို့ကို ကိုယ်စားပြုနေသည်ဆိုသည့် ပါတီများက အမျိုးသမီးတစ်ဦး သို့မဟုတ် အသက် ၄၀ နှစ်အောက် လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ကိုးကွယ်ရာ ဘာသာမတူညီသည့် လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တိုင်းရင်းသား/လူမျိုး မတူညီသူတစ်ဦး သို့မဟုတ် အခြားမြို့နယ်တွင် နေထိုင်သူတစ်ဦး ကို ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းပါက မဲပေးလိုစိတ်အတိုင်းအတာကို“၁” မှ “၅” အတွင်း အဆင့်သတ်မှတ်စေခဲ့ပါသည်။ “၁” မှာ “လုံးဝမဲမပေးပါ” နှင့် “၅” မှာ “ကျိန်းသေမဲပေးပါမည်”တို့ ဖြစ်ပါသည်။

အမျိုးသမီး ကိုယ်စားလှယ်လောင်း

အကယ်၍ ၎င်းထောက်ခံသည့်ပါတီက အမျိုးသမီးတစ်ဦးကို ကိုယ်စားလှယ်လောင်း​အဖြစ် အမည်စာရင်းတင်သွင်းခဲ့ပါကလည်း မဲပေးပါမည်ဟု ဖြေဆိုသူအများအပြား (၇၁% ။ ၃၇% က “ကျိန်းသေမဲပေးပါမည်” နှင့် ၃၄% က “မဲပေးဖို့အစီအစဉ်ရှိပါသည်”) ကဖြေကြားပြီး ၁၀% ( ၆% က “မဲလုံးဝမပေးပါ နှင့် ၄% က “မဲပေးရန် အစီအစဉ်မရှိ”) က မဲမပေးပါဟု ဖြေဆိုပါသည်။ ၁၂% ကမူ “မဲပေးမပေး မသေချာပါ” ဟုဖြေဆိုပါသည်။ မြို့ပြ ( ၇၆% က “မဲပေးပါမည်” နှင့် ၉% က “မဲမပေးပါ”) နှင့် ကျေးလက် ( ၆၉% က “မဲပေးပါမည်” နှင့် ၁၁% က “မဲမပေးပါ”) အကြား၊ အမျိုးသားများ (၇၂% က “မဲပေးပါမည်” နှင့် ၁၂% က “မဲမပေးပါ”) နှင့် အမျိုးသမီးများ (၇၁% က “မဲပေးပါမည်” နှင့် ၈% က “မဲမပေးပါ”) အကြားတို့တွင် ကွာခြားမှုမရှိသည်ကိုတွေ့ရပါသည်။ အထက်တန်းအောင် (သို့) အထက်တန်းနှင့် အထက် ပညာရေးနောက်ခံရှိသည့် ဖြေဆိုသူများ (၈၁%) က အထက်တန်းအောက်ပညာရေးနောက်ခံရှိသူများ (၆၉%) ထက် “မဲပေးပါမည်” ဟုတုံ့ပြန်မှု ပိုများသည်ကိုတွေ့ရပါသည်။

အသက်ငယ်ရွယ်သည့် ကိုယ်စားလှယ်လောင်း

ဖြေဆိုသူများကို အကယ်၍ ၎င်းတို့ထောက်ခံသည့် နိုင်ငံရေးပါတီက အသက် ၄၀ နှစ်အောက် လူပုဂ္ဂိုလ်တစ်ဦးကို ကိုယ်စားလှယ်လောင်းအဖြစ် အမည်တင်သွင်းပါက မဲပေးလိုစိတ် ရှိ/မရှိအတိုင်းအတာကို အဆင့် သတ်မှတ်ပေးပါဟု မေးမြန်းရာ ဖြေဆိုသူများ၏ သုံးပုံနှစ်ပုံခန့် (၆၉%) က မဲပေးပါမည်ဟု ဖြေကြားကာ ၁၀% က မဲမပေးပါဟု ဖြေဆိုပါသည်။ မြို့ပြ (၇၂% က “မဲပေးပါမည်” နှင့် ၁၀% က “မဲမပေးပါ”) နှင့် ကျေးလက် ( ၆၇% က “မဲပေးပါမည်” နှင့် ၁၀% က “မဲမပေးပါ”) အကြား ကွာခြားမှုမရှိသည်ကိုတွေ့ရပါသည်။ အထက်တန်းအောက်ပညာရေးနောက်ခံရှိသူများ (၆၇% က “မဲပေးပါမည် နှင့် ၁၀% က “မဲမပေးပါ”) နှင့် နှိုင်းယှဉ်ပါက အထက်တန်းအောင် (သို့) အထက်တန်းနှင့် အထက် ပညာရေးနောက်ခံရှိသူများ (၇၇%) က “မဲပေးပါမည်”  ဟုတုံ့ပြန်မှု ပိုများသော်လည်း“မဲမပေးပါ” (၉%) ဟုတုံ့ပြန်မှုတွင် တူညီသည်ကိုတွေ့ရပါသည်။

ကိုးကွယ်ရာဘာသာ မတူညီသည့် ကိုယ်စားလှယ်လောင်း

ဖြေဆိုသူများကို အကယ်၍ ၎င်းတို့ထောက်ခံသည့် နိုင်ငံရေးပါတီက ၎င်းတို့နှင့် ကိုးကွယ်ရာဘာသာ မတူညီသူတစ်ဦးကို ကိုယ်စားလှယ်လောင်းအဖြစ် အမည်တင်သွင်းပါက မဲပေးလိုစိတ် ရှိ/မရှိ အတိုင်းအတာကို အဆင့်သတ်မှတ်ပေးပါဟု မေးမြန်းရာ ဖြေဆိုသူများ၏ လေးပုံတစ်ပုံ (၂၉% ။ ၁၂% က “လုံးဝမဲပေးပါမည်” နှင့် ၁၆% က “မဲပေးရန်အစီအစဉ်ရှိပါသည်”) က မဲပေးပါမည်ဟု ဖြေကြားပြီး ထက်ဝက်ခန့် (၅၂%။ ၄၃% က “လုံးဝမဲမပေးပါ” နှင့် ၉% က “မဲပေးရန်အစီအစဉ်မရှိပါ” ) ကမူ မဲမပေးပါဟု ဖြေဆိုပါသည်။ ကျေးလက်မှ ဖြေဆိုသူများ ( ၅၉% “မဲမပေးပါ” ၊ ၂၂% “မဲပေးပါမည်”) နှင့် နှိုင်းယှဉ်ပါက မြို့ပြကဖြေဆိုသူများ ( ၃၈%) က “မဲမပေးပါ” ဟုဖြေဆိုမှု ပိုနည်းပြီး “မဲပေးပါမည်” ဟု ဖြေဆိုမှု (၄၃%) ကပိုများသည်ကိုတွေ့ရပါသည်။ အထက်တန်းနှင့် အထက်တန်းအထက် ပညာရေးနောက်ခံဖြင့် ဖြေဆိုသူများနှင့် အထက်တန်းအောက်ပညာရေးနောက်ခံရှိသူများအကြား မဲပေးလိုစိတ်အတိုင်းအတာ ကွာဟမှု ကြီးကြီးမားမားရှိနေသည်ကို တွေ့ရပါသည်။ အထက်တန်းအောက်ပညာရေးနောက်ခံရှိသည့် ဖြေဆိုသူများအကြားတွင် ထက်ဝက်ကျော် ၅၈% က “မဲမပေးပါ” တုံ့ပြန်ပြီး ၂၂% က “မဲပေးပါမည်” ဟုတုံ့ပြန်ကြသော်လည်း အထက်တန်းနှင့် အထက် ပညာရေးရှိသည့် ဖြေဆိုသူများတွင် သုံးပုံတစ်ပုံ (၃၂%) က “မဲမပေးပါ” ဟုဆိုပြီး ထက်ဝက်ခန့် (၅၂%) က “မဲပေးပါမည်” ဟုတုံ့ပြန်ပါသည်။

တိုင်းရင်းသား/လူမျိုး မတူညီသော ကိုယ်စားလှယ်လောင်း

ဖြေဆိုသူများကို အကယ်၍ ၎င်းတို့ထောက်ခံသည့် နိုင်ငံရေးပါတီက ၎င်းတို့နှင့် ကိုးကွယ်ရာဘာသာ မတူညီသူတစ်ဦးကို ကိုယ်စားလှယ်လောင်းအဖြစ် အမည်တင်သွင်းပါက မဲပေးလိုစိတ် ရှိ/မရှိ အတိုင်းအတာကို အဆင့်သတ်မှတ်ပေးပါဟု မေးမြန်းရာ ဖြေဆိုသူများ၏ ထက်ဝက်ခန့် (၄၆% ။ ၂၀% က “လုံးဝမဲပေးပါမည်” နှင့် ၂၇% က “မဲပေးရန်အစီအစဉ်ရှိပါသည်”) က မဲပေးပါမည်ဟု ဖြေကြားပြီး သုံးပုံတစ်ပုံခန့် (၃၃%။ ၂၅% က “လုံးဝမဲမပေးပါ” နှင့် ၈% က “မဲပေးရန်အစီအစဉ်မရှိပါ”) ကမူ မဲမပေးပါဟု ဖြေဆိုပါသည်။ ကျေးလက်မှ ဖြေဆိုသူများ (၃၇% “မဲမပေးပါ”၊ ၄၀% “မဲပေးပါမည်”) နှင့် နှိုင်းယှဉ်ပါက မြို့ပြကဖြေဆိုသူများ (၂၃%) က “မဲမပေးပါ” ဟုဖြေဆိုမှု ပိုနည်းပြီး “မဲပေးပါမည်” (၅၈%)  ဟု ဖြေဆိုမှု ပိုများသည်ကိုတွေ့ရပါသည်။ အမျိုးသားများ (၄၉% က “မဲပေးပါမည်” နှင့် ၃၂% က “မဲမပေးပါ”) နှင့် အမျိုးသမီးများ (၅၅% က “မဲပေးပါမည်” နှင့် ၂၅% က “မဲမပေးပါ”) အကြားတို့တွင် ကွာခြားမှုမရှိသည်ကိုတွေ့ရပါသည်။ ပြည်နယ်များ (၄၄% က “မဲပေးပါမည်” နှင့် ၃၇% က “မဲမပေးပါ”) နှင့် တိုင်းဒေသကြီးများ (၄၆% က “မဲပေးပါမည်” နှင့် ၃၂% က “မဲမပေးပါ”) အကြားကွာခြားမှု မရှိသည်ကိုတွေ့ရပါသည်။ ရန်ကုန်မြို့တော်က ဖြေဆိုသူများ၏ ၁၈% က “မဲမပေးပါ” ဟုဖြေဆိုပြီး သုံးပုံနှစ်ပုံခန့် (၆၂%) ကမူ “မဲပေးပါမည်” ဟုဖြေကြားကြပါသည်။ ဗမာများ (၄၈% က “မဲပေးပါမည်” နှင့် ၃၂% က “မဲမပေးပါ”) နှင့် ဗမာမဟုတ်သည့် တိုင်းရင်းသားများ (၄၄% က “မဲပေးပါမည်” နှင့် ၃၄% က “မဲမပေးပါ”) အကြား ကွာခြားမှုမရှိသည်ကိုတွေ့ရပါသည်။ အထက်တန်းနှင့် အထက်တန်းအထက်ပညာရေးအဆင့်ရှိသူဖြေဆိုသူများ (၁၇% က “မဲမပေးပါ” နှင့် ၆၆% က “မဲပေးပါမည်”) နှင့် နှိုင်းယှဉ်ပါက အထက်တန်းအောက်ပညာရေးအဆင့်ရှိသူဖြေဆိုသူများ (၃၈%) ထက် “မဲမပေးပါ” ဟု ဖြေဆိုမှု ပိုများပြီး “မဲပေးပါမည်” (၄၀%) ဟုတုံ့ပြန်မှု နည်းပါးသည်ကိုတွေ့ရပါသည်။

အခြားမြို့တွင်နေထိုင်သည့် ကိုယ်စားလှယ်လောင်း

ဖြေဆိုသူများကို အကယ်၍ ၎င်းတို့ထောက်ခံသည့် နိုင်ငံရေးပါတီက အခြားမြို့တွင်နေထိုင်သူတစ်ဦးကို ကိုယ်စားလှယ်လောင်းအဖြစ် အမည်တင်သွင်းပါက မဲပေးလိုစိတ် ရှိ/မရှိ အတိုင်းအတာကို အဆင့်သတ်မှတ်ပေးပါဟု မေးမြန်းရာ ဖြေဆိုသူများ၏ ထက်ဝက်ခန့် (၄၅%။ ၁၉% က “လုံးဝမဲပေးပါမည်” နှင့် ၂၆% က “မဲပေးရန်အစီအစဉ်ရှိပါသည်”) က မဲပေးပါမည်ဟု ဖြေကြားပြီး ၂၉% (၂၂% က “လုံးဝမဲမပေးပါ” နှင့် ၇% က “မဲပေးရန်အစီအစဉ်မရှိပါ” ) ကမူ မဲမပေးပါ ဟု ဖြေဆိုပါသည်။ မြို့ပြမှ ဖြေဆိုသူများ (၅၁% “မဲပေးပါမည်”၊ ၂၅% “မဲမပေးပါ”) နှင့် ကျေးလက်မှ ဖြေဆိုသူများ (၄၂% “မဲပေးပါမည်”၊ ၃၀% “မဲမပေးပါ”) အကြား ဖြေကြားမှုများမှာ ကွာခြားမှုမရှိသည်ကိုတွေ့ရပါသည်။ ပြည်နယ်များ (၄၂% က “မဲပေးပါမည်” နှင့် ၃၄% က “မဲမပေးပါ”) နှင့် တိုင်းဒေသကြီးများ (၄၅% က “မဲပေးပါမည်” နှင့် ၂၉% က “မဲမပေးပါ”) အကြား ကွာခြားမှုမရှိသည်ကိုတွေ့ရပါသည်။ ရန်ကုန်မြို့တော်တွင် ဖြေဆိုသူများ၏ သုံးပုံနှစ်ပုံခန့် (၆၁%) က မဲပေးပါမည် ဟု ပြောကြားကြပြီး ၁၆% ကသာ မဲမပေးပါ ဟု ဖြေဆိုကြပါသည်။ ရန်ကုန်မြို့တော်တွင်နေထိုင်သူများကို တိုင်းဒေသကြီးများနှင့် နှိုင်းယှဉ်ပါက အခြားမြို့တွင်နေထိုင်သူကို မဲပေးလိုစိတ် ပိုများသည်ကိုတွေ့ရပါသည်။

နိုင်ငံရေးပါတီများအပေါ်နိုင်ငံသားများ၏ မျှော်မှန်းချက်

PACE အဖွဲ့စစ်တမ်းကောက်ယူသူများက ဖြေဆိုသူများကို လုပ်ငန်းကိစ္စအချို့ကို ဖတ်ပြ၍ လက်ရှိတွင် နိုင်ငံရေးပါတီများက ယင်းကိစ္စများကို ဆောင်ရွက်နေပါသလား ဟု မေးမြန်းကာ အနာဂါတ်တွင်လည်း ယင်းကဲ့သို့ကိစ္စများကို ဆောင်ရွက်စေလိုပါ သလားဟု ဆက်လက်မေးမြန်းခဲ့ပါသည်။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်မဲပေးခြင်း

PACE အဖွဲ့စစ်တမ်းကောက်ယူသူများက ဖြေဆိုသူများကို ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မဲပေးခဲ့ပါသလားဟု မေးရာ ၇၇% က မဲပေးခဲ့ပါသည်ဟု ဖြေဆိုကြပါသည်။ ဖြေဆိုသူများ၏ ထက်ဝက်ကျော် (၅၉%) က ၎င်းတို့အနေဖြင့် ပြည်သူ့လွှတ်တော် နှင့် အခြားလွှတ်တော်မဲဆန္ဒနယ်များအတွက် ပါတီတစ်မျိုးတည်းကိုသာမဲပေးခဲ့သည်ဟု ဖြေဆိုကြပြီး လေးပုံတစ်ပုံနီးပါး (၂၃%) ကမူ ပြည်သူ့လွှတ်တော်အတွက် မဲပေးခဲ့သည့် ပါတီမဟုတ်သော နောက်ထပ်ပါတီတစ်ခုကို မဲပေးခဲ့သည်ဟု ဖြေဆိုသည်ကို တွေ့ရပါသည်။ 

မဲပေးလိုစိတ်

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ၂ ခုတွင် မဲပေးသူဦးရေမှာ သိသိသာသာ နည်းပါးသွားသည်ကိုတွေ့ရပါသည် (၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ၃၇% နှင့် ၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၂%) ။ ထို့ကြောင့် ၂၀၂၀ ခုနှစ်တွင်လည်း နိုင်ငံသားများ၏ မဲပေးလိုစိတ်ကို သိရှိနားလည်နိုင်ရန်အတွက် ဖြေဆိုသူများကို အကယ်၍ လာမည့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွင် အထွေထွေရွေးကောက်ပွဲကျင်းပမည်ဆိုပါက ၎င်းတို့အနေဖြင့် မဲပေးလိုစိတ်အတိုင်းအတာကို “၁” မှ “၅” အတွင်း အဆင့်သတ်မှတ်ပေးရန် မေးမြန်းခဲ့ပါသည်။ “၁” မှာ “လုံးဝမဲမပေးပါဘူး” နှင့် “၅” မှာ “ကျိန်းသေမဲသွားပေးမယ်” ဖြစ်ပါသည်။ ​ 

ဖြေဆိုသူများ၏ ထက်ဝက်ခန့် (၄၈%) က “ကျိန်းသေမဲပေးပါမယ်” ဟုဖြေကြားကြပါသည်။ “ကျိန်းသေမဲပေးပါမယ်” ဟုဖြေဆိုမှုမှာ မြို့ပြဒေသများ (၅၀%) နှင့် ကျေးလက်ဒေသများ (၄၇%) အကြား ကွာခြားမှုမရှိသော်လည်း ပြည်နယ်များ (၃၂%) က တိုင်းဒေသကြီးများ (၅၃%) ထက် ပိုနည်းသည်ကိုတွေ့ရပါသည်။ အမျိုးသားများ (၅၂%) နှင့် အမျိုးသမီးများ (၄၅%) အကြားတွင်လည်း “ကျိန်းသေမဲပေးမည်” ဟုဖြေဆိုမှုမှာ ကွာခြားမှုမရှိသည်ကိုတွေ့ရပါသည်။ ရန်ကုန်မြို့တော်ကဖြေဆိုသူများ (၅၁% “ကျိန်းသေမဲပေးပါမယ်”) ၏ မဲပေးလိုစိတ်အတိုင်းအတာမှာ တိုင်းဒေသကြီးများနှင့် ယေဘုယျအားဖြင့် တူညီပြီး ရှမ်းပြည်နယ်ကဖြေဆိုသူများ(၃၀% “ကျိန်းသေမဲပေးပါမယ်”) ၏ မဲပေးလိုစိတ်မှာလည်း ပြည်နယ်များနှင့် တူညီမှုရှိသည်ဟု ပြောနိုင်ပါသည်။

ကိုယ်စားလှယ်လောင်းကို မဲပေးရာတွင် ထည့်သွင်းစဉ်းစားသည့်အချက်များ 

PACE အဖွဲ့စစ်တမ်းကောက်ယူသူများက ဖြေဆိုသူများကို ၂၀၁၅ ခုနှစ်တွင် ကိုယ်စားလှယ်လောင်းကို ရွေးချယ်မဲပေးခဲ့စဉ်က မည်သည့်အချက်ကို ထည့်သွင်းစဉ်းစားခဲ့သနည်းဟုမေးမြန်းခဲ့ပါသည်။ ဆက်လက်၍ လာမည့် ရွေးကောက်ပွဲများတွင်လည်း မည်သည့်အချက်တို့ကို ကြည့်ပြီး ကိုယ်စားလှယ်များကို ရွေးချယ်မဲပေးမည်ကို မေးမြန်းခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာများ ပိုင်ဆိုင်မှု

PACE အဖွဲ့စစ်တမ်းကောက်ယူသူများက ဖြေဆိုသူများကို ၎င်းတို့တွင် အင်တာနက်ချိတ်ဆက်နိုင်သည့် ပစ္စည်းကိရိယာများ ရှိပါသလားဟုမေးမြန်းခဲ့ပါသည်။ ဖြေဆိုသူများ၏ ထက်ဝက်ကျော် (၅၉%) က အဆင့်မြင့် စမတ်ဖုန်းများရှိသည်ဟု ဖြေကြားပြီး ၁၇% က ရိုးရိုးဖုန်း၊ ၃% က ၎င်းတို့နေအိမ်တွင် အင်တာနက်ချိတ်ဆက်၍ရသည်၊ ၂% က ၎င်းတို့၏ နေထိုင်ရာဝန်းကျင်တွင် အင်တာနက် ချိတ်ဆက်၍ရသည် ဟုဖြေဆိုကြပါသည်။ ၁၅% ကမူ မည်သည့် ပစ္စည်းကိရိယာမှ မရှိပါဟု ဆိုပါသည်။ 

အစိုးရနှင့် နိုင်ငံရေးဆိုင်ရာ သတင်းအရင်းအမြစ်များ


PACE အဖွဲ့စစ်တမ်းကောက်ယူသူများက ဖြေဆိုသူများကို ၎င်းတို့အနေဖြင့် အစိုးရနှင့် နိုင်ငံရေးဆိုင်ရာ သတင်းများကို အဓိကအားဖြင့် မည်သည့်နေရာများမှ ရယူသနည်းဟုမေးရာ ဖြေဆိုသူထက်ဝက်ခန့် (၄၇%) က “ရုပ်မြင်သံကြား” ဟု အဓိကဖြေဆိုပြီး “ရေဒီယို” (၂၃%)၊ “Facebook” (၂၀%) နှင့် “သတင်းစာ/ဂျာနယ်များ” (၁၅%) ဟုဖြေဆိုကြပါသည်။

Download PDF