ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ ၂၀၁၅ ရွေးကောက်ပွဲ များတွင် ပြည်သူလူထု ၆၉% မဲပေးခဲ့ကြပါသည်။ အတိတ်ကာလမှ ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ကြည့်လျှင် နိုင်ငံသားများအနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်အတွင်း ပါဝင်ဆောင်ရွက်နိုင်ရန် နည်းလမ်းသစ်များရှာဖွေသည့် လက္ခဏာတစ်ရပ်အနေဖြင့် လူပေါင်းတစ်သောင်းကျော်သည် ရွေးကောက်ပွဲကျင်းပသည့်ရက်ကို စောင့်ကြည့်လေ့လာရန် နေရာအနှံ့သို့သွားရောက်ခဲ့ကြသည့်အပြင် အဖွဲ့အစည်းပေါင်းများစွာသည်လည်း မဲဆန္ဒရှင်ပညာပေးရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ခဲ့ကြပါသည်။
ပြည်သူလူထုသည် ရွေးကောက်ပွဲရလဒ်များကို ယေဘုယျအားဖြင့် လက်ခံခဲ့ကြသော်လည်း အခြေခံဥပဒေနှင့်ပတ်သက်သည့် ဆွေးနွေးငြင်းခုံမှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး စေ့စပ် ညှိနှိုင်းမှုများနှင့် နိုင်ငံ၏ဒီမိုကရေစီယဉ်ကျေးမှုတို့အပါအဝင် နိုင်ငံရေးအသွင်ကူးပြောင်းမှုကာလ အတွင်း စိန်ခေါ်မှုပေါင်းများစွာ ကျန်ရှိနေဆဲဖြစ်ပါသည်။ အရပ်သားအစိုးရသစ်သည် များစွာသော ပြုပြင်ပြောင်းလဲမှုများမှတစ်ဆင့် ဒီမိုကရေစီသို့ ကူးပြောင်းမှုကို ကတိကဝတ်ပြုခဲ့သည့်အတွက် အစိုးရ၊ လွှတ်တော်၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သူများသည် ဒီမိုကရေစီ၊ ရွေးကောက်ပွဲများနှင့် အစိုးရနှင့်ပတ်သက်သော အများပြည်သူ၏သဘောထား များ၊ ထင်မြင်ယူဆချက်များ၊ မျှော်မှန်းချက်များနှင့် ဗဟုသုတများကို နားလည်သဘောပေါက်ရန်မှာ အရေးကြီးလှပါသည်။
၂၀၁၆ မေလတွင် PACE သည်
ဒီမိုကရေစီ၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများ၏ သဘောထားများနှင့် ထင်မြင်ယူဆချက်များ၊
ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အတွက် ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စများအပေါ် ဗဟုသုတနှင့်အမြင်များ၊
နိုင်ငံရေးအဖွဲ့ အစည်းများ၊ အင်စတီကျူးရှင်းများနှင့် အသစ်ရွေးချယ်ထားသူများအပေါ် သိမြင်နားလည်ထားမှုနှင့် မျှော်မှန်းချက်များ ကို တိုင်းတာရန်အတွက် ရွေးကောက်ပွဲလွန်ကာလ သဘောထားစစ်တမ်းတစ်ခုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူခဲ့ပါသည်။
ဒီမိုကရေစီနှင့် ရွေးကောက်ပွဲများအပေါ် သဘောထားနှင့် ထင်မြင်ယူဆချက်များ
လူအချင်းချင်းအကြားယုံကြည်မှု
လူအချင်းချင်းကြားယုံကြည်မှုအဆင့်ကို လူ့အဖွဲ့အစည်းတစ်ခုအတွင်းရှိ လူများအကြား လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆက်နွှယ်နေမှုများ နှင့် ဆက်စပ်သည့်အရည်အသွေးကို ဖော်ထုတ်ရန်အတွက် လူထုသဘောအမြင်စစ်တမ်းများတွင် အများအားဖြင့်တိုင်းတာလေ့ရှိပါသည်။ PACE သည် “အများအားဖြင့် လူအများစုသည် ယုံကြည်ရသည် သို့မဟုတ် သတိထားဆက်ဆံနေရသည်” ဟု ထင်ပါသလား ဆိုသည့်မေးခွန်းကို မေးမြန်းခဲ့သည်။ ဖြေကြားသူအများစု (၅၅%)က လူအများနှင့် ဆက်ဆံရာတွင် သတိထားရမည်ဟု ယုံကြည်ကြောင်း၊ ၃၇% ကသာ လူအများစုသည် ယုံကြည်ရသည်ဟု ဖြေဆို၍ ၈% ကမူ ၎င်းတို့မသိပါဟု ပြန်လည်ဖြေဆိုခဲ့သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ မြို့ပြနှင့်ကျေးလက်ဒေသတို့မှ ဖြေကြားသူများအမျိုးသားနှင့် အမျိုးသမီးကြား ယုံကြည်မှုအဆင့်များသည် သိသာထင်ရှားသည့် ခြားနားမှုသိပ်မရှိပေ။ သို့သော်လည်း လူငယ်လူရွယ်များသည် လူကြီးများထက် လူအချင်းချင်းအကြား ယုံကြည်မှု ပိုမိုနည်းပါးကြသည်ကိုတွေ့ရသည်။ အလားတူပင် ပညာအရည်အချင်း မြင့်မားသူများသည် ပညာအရည်အချင်းနိမ့်ပါးသူများထက်စာလျှင် လူအချင်းချင်းအကြား ယုံကြည်မှုအားနည်းကြောင်း တွေ့ရပါသည်။
ရပ်ရွာလူမှုအသိုင်းအဝိုင်းအတွင်း ပါဝင်ပတ်သက်မှုများ
စစ်တမ်းဖြေဆိုသူများအား ရပ်ရွာအသိုင်းအဝန်းအုပ်စုများ၊ ကိုယ်လက်လှုပ်ရှားအားကစားအဖွဲ့များ နှင့် မိမိအလုပ်နှင့်ပတ်သက်သော အဖွဲ့အစည်းများတွင် မည်မျှပူးပေါင်းပါဝင်လေ့ရှိသလဲဟု မေးမြန်းခဲ့သည်။ ဤမေးခွန်းသည် အခြားနိုင်ငံများတွင်လုပ်ဆောင်သည့် စစ်တမ်းများ၌ လူမှုအသိုင်းအဝိုင်းတွင် ပါဝင်ပတ်သက်မှုအဆင့်ကို တိုင်းတာရာတွင် အများအားဖြင့် အသုံးပြုလေ့ရှိပါသည်။ ဖြေဆိုသူထက်ဝက်ကျော်ခန့်က လူမှုအသိုင်းအဝိုင်းတွင် ပါဝင်ပတ်သက်မှုအဆင့် နိမ့်ပါးကြောင်းပြသနေပြီး ဖြေကြားသူအားလုံးထဲမှ ပျမ်းမျှ ၂၀% အောက်သည် ပါဝင်ပတ်သက်မှု အဆင့်မြင့်မားသည့် အနေအထားတွင် ရှိကြောင်းပြသနေပါသည်။
လူ့အခွင့်အရေး အခြေအနေအပေါ် သဘောထားအမြင်များ
PACE မှ “ယခုလက်ရှိအခြေအနေအရ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးကို ဘယ်လောက်အထိ လေးစားလိုက်နာတယ်လို့ ထင်ပါသလဲ” ဆိုသည်ကို မေးမြန်းခဲ့သည်။ ဖြေဆိုသူအများစုက အလွန် လေးစားလိုက်နာသည် (၁၇%) သို့မဟုတ် အတိုင်းအတာတစ်ခုအထိ လေးစားလိုက်နာသည် (၄၇%)ဟု ပြန်လည်ဖြေကြားခဲ့ကြပါသည်။ ၁၄%က သိပ်ပြီးမလေးစားပါဟု ဖြေဆိုခဲ့ပြီး ၁၈% ကမူ မသိပါဟု ဖြေကြားခဲ့သည်။ သိသိသာသာအနေဖြင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေအပေါ် ဖြေဆိုသူများ၏အမြင်များအရ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဖြေဆိုသူများ အကြား ခြားနားချက် အနည်းအကျဉ်းသာရှိကြောင်း တွေ့ရပါသည်။
လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး အစိုးရ၏တာဝန်ဝတ္တရားအပေါ် ရှုမြင်ပုံများ
လူ့အခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အစိုးရ၏အခန်းကဏ္ဍအပေါ် နိုင်ငံသားများ၏ အမြင်များကို နားလည်သိရှိရန် PACE သည် “အစိုးရတစ်ရပ်၏ အဓိကကျတဲ့တာဝန်များ ဖြစ်သည့် (က) လူတစ်ဦးချင်းစီ၏ လွတ်လပ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ (ခ) လူ့အဖွဲ့အစည်းအတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရန် နှစ်ခုထဲက သင်ဘာကို ရွေးခြယ်မလဲ”ဟု မေးမြန်းခဲ့သည်။ ဖြေဆိုသူများ၏ သုံးပုံနှစ်ပုံနီးပါး (၆၃%)က အစိုးရတစ်ရပ်၏ အဓိကကျသည့် တာဝန်ဝတ္တရားသည် လူ့အဖွဲ့အစည်းအတွင်းတည်ငြိမ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်သည်ကို သဘောတူညီကြပြီး ၂၅%ကမူ လူတစ်ဦးချင်းစီ၏ လွတ်လပ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ဖြေဆိုခဲ့ကြသည်။ ၁၂% က ၎င်းတို့မသိပါဟု ပြန်လည်ဖြေဆိုခဲ့ပါသည်။
တိုင်းဒေသကြီးများမှ ဖြေဆိုသူများသည် အစိုးရတစ်ရပ်၏ အဓိကတာဝန်မှာ လူ့အဖွဲ့အစည်းအတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်သည်ဟု အများအားဖြင့် ဖြေဆိုပါသည်။ ပညာရေးအဆင့် နိမ့်ပါးသည့်ဖြေဆိုသူများကမူ ၎င်းတို့မသိပါဟု ပြန်လည်ဖြေဆိုသည်ကို ကြည့်ခြင်းအားဖြင့် အစိုးရ၏ အခန်းကဏ္ဍအပေါ်ဦးတည်သည့် နိုင်ငံသားပညာပေးမှုများ ပိုမိုဦးစားပေးလုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်ကို ပြသနေပါသည်။
နိုင်ငံသားများ၏ အခန်းကဏ္ဍအပေါ် ရှုမြင်ပုံများ
PACE သည် နိုင်ငံသားများ၏ အခန်းကဏ္ဍအပေါ် စစ်တမ်းဖြေဆိုသူများ၏ ရှုမြင်ပုံများကို အဆို(၁) “နိုင်ငံ့ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ နိုင်ငံသားများအနေဖြင့် မေးခွန်းထုတ်မှုများ ပိုမိုတက်ကြွစွာ လုပ်ဆောင်သင့်သည်”နှင့် အဆို(၂) “ကျွန်တော်၊ ကျွန်မတို့နိုင်ငံတွင် နိုင်ငံသားများအနေဖြင့် အာဏာပိုင်များကို ပိုမိုလေးစားသင့်သည်” ဟူသော အဆိုနှစ်ခုမှ တစ်ခုကို ရွေးချယ်ရန် မေးမြန်းခြင်းဖြင့် အကဲဖြတ်ဆန်းစစ်ခဲ့ပါသည်။ ဖြေဆိုသူများ၏ သုံးပုံနှစ်ပုံနီးပါးက နိုင်ငံသားများအနေဖြင့် နိုင်ငံ့ခေါင်းဆောင်များကို မေးခွန်းထုတ်သင့်သည်ဆိုသည်ကို အလွန်သဘောတူသည် သို့မဟုတ် သဘောတူသည်ဟု ဖြေဆိုခဲ့ပါသည်။ ၂၆ % က နိုင်ငံသားများအနေဖြင့် အာဏာပိုင်များကို ပိုမိုလေးစားသင့်သည်ဆိုသည်ကို သဘောတူသည် သို့မဟုတ် အလွန်သဘောတူသည်ဟု ဖြေကြားပါသည်။ လူဦးရေအချိုးအစားအရ ဖြေဆိုမှုကလည်း နိုင်ငံသားများ၏ အခန်းကဏ္ဍအပေါ် တူညီသည့် ရှုမြင်မှုရှိခဲ့သည်။
နိုင်ငံရေး စိတ်ဝင်စားမှု
နိုင်ငံရေးတွင် စိတ်ဝင်စားမှုသည် အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် နိုင်ငံသားများအား အသိပညာ၊ ဗဟုသုတ ကြွယ်ဝလာစေရန်အတွက် တွန်းအားကို ပံ့ပိုးပေးသည့်အတွက်ကြောင့် ဖြစ်သည်။ “သင့်အနေဖြင့် နိုင်ငံရေးတွင် ဘယ်လောက်အတိုင်းအတာအထိ စိတ်ဝင်စားမှုရှိသလဲ” ဟူသည့် မေးခွန်းကို စစ်တမ်းဖြေဆိုသူများအား PACE မှ မေးမြန်းခဲ့သည်။
ဖြေဆိုသူအများစုကစိတ်ဝင်စားသည်ဟု ပြသနေပြီး၁၆% က ၎င်းတို့အနေဖြင့် နိုင်ငံရေးကို အလွန်စိတ်ဝင်စားသည်ဟု ဆိုပြီး ၄၂% ကမူ အတိုင်းအတာ တစ်ခုအထိ စိတ်ဝင်စားသည်ဟု ပြန်လည်ဖြေကြားသည်။ ကျန်ရှိသည့်ဖြေဆိုသူများက သိပ်စိတ်မဝင်စားပါ (၁၈%) သို့မဟုတ် လုံးဝစိတ်မဝင်စားပါ (၁၅%)ဟူ၍ ဖြစ်ပါသည်။ ဖြေဆိုသူ များထဲမှ နောက်ထပ် ၉% ကမူ မသိပါဟု ဖြေကြားပါသည်။
မြို့ပြဒေသမှ ဖြေဆိုသူများသည် ကျေးလက်ဒေသမှ ဖြေဆိုသူများနှင့် နှိုင်းယှဉ်လျှင် နိုင်ငံရေးကို အနည်းငယ် ပိုမိုစိတ်ဝင်စားကြသည်။ အကြမ်းဖျင်းအားဖြင့် နိုင်ငံရေးစိတ်ဝင်စားမှုသည် ၂၀၁၅ ခုနှစ်မတိုင်မီ တစ်နှစ်အလိုခန့်က ထိုကဲ့သို့သော တူညီသည့် မေးခွန်းမျိုးကို PACE မှမေးခဲ့စဉ်ကထက် ပိုမိုတိုးတက်လာပါသည်။ သို့သော်လည်း PACE အနေဖြင့် ရွေးကောက်ပွဲလွန်ကာလပြီးလျှင်ပြီးချင်း နိုင်ငံရေးစိတ်ဝင်စားမှု အနည်းငယ်လျော့ကျလာသည်ဟု ရှုမြင်ပါသည်။ IFES (International Foundation for Electoral Systems) မှနေ၍ ရွေးကောက်ပွဲပြီးလျှင်ပြီးချင်း ၂၀၁၅ ဒီဇင်ဘာမှ ၂၀၁၆ ဇန်နဝါရီတွင် စစ်တမ်းကောက်ယူမှုတစ်ခုကို စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ထိုစစ်တမ်းတွင် တွေ့ရှိရသည့် မြန်မာနိုင်ငံသားများ၏ စုစုပေါင်း ၇၂% သည် အလွန် သို့မဟုတ် အတိုင်းအတာ တစ်ခုအထိ နိုင်ငံရေးစိတ်ဝင်စားမှုကို နောင်လေးလအကြာတွင် ပြုလုပ်သည့် PACE ၏ ယခုစစ်တမ်းတွင် တွေ့ရသည့် ၅၈% ဆိုသည်နှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။
နိုင်ငံသားများ ပါဝင်မှု
PACE သည် နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ လူမှုအသိုက်အဝန်းအတွင်းရှိ နိုင်ငံရေးနှင့် နိုင်ငံသားဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများ၌ မည်မျှတက်ကြွပြီး စိတ်ပါဝင်စားမှုရှိသည်ကို တိုင်းတာခဲ့သည်။ ဖြေဆိုသူများအား ၎င်းတို့အနေဖြင့် ရပ်ရွာဆိုင်ရာ ဆွေးနွေးပွဲများ၊ မဲဆန္ဒရှင်/ပြည်သူ့ နီတိဆိုင်ရာ ပညာပေးပွဲများ သို့မဟုတ် လက်မှတ်ရေးထိုးတောင်းဆိုမှုမျိုးကဲ့သို့သော ဆောင်ရွက်ချက်များ၌ လွန်ခဲ့သည့်နှစ်တွင် တက်ရောက်ပါဝင်ခဲ့ဖူးသလားဟူ၍ မေးမြန်းခဲ့သည်။
အကြမ်းဖျင်းအားဖြင့် ဖြေဆိုသူများက ဖြေကြားသည်မှာ ၎င်းတို့အနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်း အဆိုပါ လှုပ်ရှားဆောင်ရွက်မှုများတွင် အလွန်တက်ကြွစွာ ပါဝင်ခဲ့ခြင်းမရှိကြောင်း၊ အထူးသဖြင့် မဲဆန္ဒရှင် / ပြည်သူ့နီတိဆိုင်ရာ ပညာပေးပွဲများနှင့် လက်မှတ်ရေးထိုး တောင်းဆိုမှုများတွင် ပါဝင်ခဲ့ခြင်း မရှိဟူ၍ ဖြစ်ပါသည်။ ဖြေဆိုသူထက်ဝက်ကျော်က ပါဝင်ဆောင်ရွက်မှုမရှိဟုဆိုသော်လည်း အများစုကမူ ၎င်းတို့အနေဖြင့် အဆိုပါအခွင့်အရေးမျိုးကို ရရှိမည်ဆိုလျှင် ပါဝင်မည်ဟု ဆိုပါသည်။ ယေဘုယျအားဖြင့် နိုင်ငံသားများသည် မဲဆန္ဒရှင်ပညာပေးလုပ်ငန်း သို့မဟုတ် လက်မှတ်ရေးထိုးတောင်းဆိုမှုကဲ့သို့သော ၎င်းတို့အတွက် အသစ်ဖြစ်နေသည့် လှုပ်ရှားဆောင်ရွက်မှုများနှင့် နှိုင်းယှဉ်လျှင် အစဉ်အလာသဘောဆောင်ပြီး ပိုမိုအလုပ်များသည့် ရပ်ရွာဆိုင်ရာ ဆွေးနွေးပွဲများကဲ့သို့ လှုပ်ရှားမှုများ၌ စိတ်ဝင်စားမှုပိုရှိ၍ ပိုမိုပါဝင်လိုစိတ် များပြားကြောင်း ပြသနေပါသည်။ ပြီးခဲ့သည့်နှစ်တွင် ရွေးကောက်ပွဲကိုကျင်းပခဲ့သော်လည်း နိုင်ငံသား ထက်ဝက်ကျော်သည် မဲဆန္ဒရှင် ပညာပေးလုပ်ငန်း သို့မဟုတ် ပြည်သူ့နီတိပညာပေးပွဲမျိုးတွင် မည်သည့်အခါမျှ တက်ရောက်ပါဝင်ဖူးခြင်း မရှိပါဟု ဖြေကြားခဲ့ကြသည်။ လူငယ်များ၏ဖြေဆိုမှုကို လူကြီးများ၏ဖြေဆိုမှုနှင့် နှိုင်းယှဉ်ကြည့်နိုင်သကဲ့သို့ပင် ကျေးလက်ဒေသမှ ဖြေဆိုသူများသည် မြို့ပြမှဖြေဆိုသူများထက် ရပ်ရွာဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်လိုကြပါသည်။
အမျိုးသမီးများသည် အမျိုးသားများထက် ရပ်ရွာဆိုင်ရာဆွေးနွေးပွဲ များတွင် ပါဝင်ဆောင်ရွက်ရန် အလားအလာ နည်းပါးကြပြီး ဤအချက်က ၎င်းတို့၏ပါဝင်ဆောင်ရွက်မှုကို ပို၍ မြှင့်တင်ပေးရန် လိုအပ်နေကြောင်းကို ပြသနေသည့် သဘောရှိသည်။
နိုင်ငံရေး စိတ်ဝင်စားသည်ဟု ဖြေဆိုသူများသည် မဲပေးခြင်းဆိုင်ရာပညာပေးပွဲများကို ပိုမိုတက်ရောက် ပါဝင်လိုသည့် သဘောရှိပါသည်။
၂၀၁၅ ရွေးကောက်ပွဲများတွင် ပါဝင်ဆောင်ရွက်မှု
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စာရင်းဇယားများအရ မဲဆန္ဒရှင် ၆၉% ရွေးကောက်ပွဲတွင် မဲပေးခဲ့ကြသည်ဟု ဆိုပါသည်။ PACE သည် ၎င်းတို့အနေဖြင့် ဘာကြောင့်မဲပေးခဲ့သလဲ သို့မဟုတ် မပေးခဲ့သလဲ ဆိုသည်ကို စစ်တမ်းဖြေဆိုသူများအား မေးမြန်းခဲ့ပါသည်။ မဲပေးခဲ့သည်ဟု ဆိုသူများအား “ရွေးကောက်ပွဲမှာ မဲပေးဖြစ်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းကို ပြောပြပေးနိုင်မလား”ဆိုသည့် မေးခွန်းကို PACE ကမေးမြန်းခဲ့သည်။ ဖြေဆိုသူအများစုက ၎င်းတို့ ကြိုက်နှစ်သက်သည့် ပါတီတစ်ခု သို့မဟုတ် ကိုယ်စားလှယ်လောင်းတစ်ဦးကို ထောက်ခံသောကြောင့် (၂၅%)၊ ၎င်းတို့၏ဆန္ဒကို ထုတ်ဖော်ခွင့်ရသောကြောင့် (၁၆%) သို့မဟုတ် ၎င်းတို့၏ ကိုယ်စားလှယ်ကိုရွေးချယ်လိုသောကြောင့် (၅%) စသဖြင့် ၎င်းတို့၏နိုင်ငံရေးဆိုင်ရာအမြင်ကို ထုတ်ဖော်ပြသရန် နည်းလမ်းတစ်ခုအဖြစ် ရွေးကောက်ပွဲကို ရှုမြင်ကြသည်ဟုဆိုပါသည်။ အခြားသူများ ကမူ မဲပေးခြင်းကို နိုင်ငံသားများ၏ အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ရှုမြင်ကြောင်း၊ ၂၂% က မဲပေးခြင်းသည် နိုင်ငံသားတစ်ယောက်၏တာဝန်တစ်ခုဖြစ်၍ ပေးခြင်းဖြစ်ကြောင်း၊ ၁၅ % က အရေးကြီးသောကြောင့် စသည်ဖြင့် အသီးသီးဖြေဆိုကြပါသည်။
ပြည်နယ်များနှင့် တိုင်းဒေသကြီးများ သို့မဟုတ် အမျိုးသားနှင့် အမျိုးသမီးများအကြား မဲဆန္ဒရှင်များနှင့် ပတ်သက်၍ စေ့ဆော်မှုများတွင် သိသာသည့် ခြားနားချက်မရှိပေ။ မဲမပေးခဲ့ပါဟုဆိုသည့် ဖြေဆိုသူများအား PACE မှ မဲမပေးဖြစ်ခဲ့ရသည့် အဓိကအကြောင်းအရင်းကို မေးမြန်းခဲ့သည်။ ဖြေဆိုသူများထဲမှ သုံးပုံတစ်ပုံအောက်သည် စိတ်မပါရသည့် အကြောင်းအရင်းများရှိသည့်အတွက်ကြောင့် မဲမပေးခြင်းဖြစ်သည်ဟု ပြောကြားကြပါသည်။ ၂၁% က ၎င်းတို့ နေထိုင်မကောင်းသောကြောင့် သို့မဟုတ် အလုပ်မအားလပ်၍ မဲမပေးဖြစ်ခဲ့ကြောင်း၊ ၈% နီးပါးက အရေးမကြီးသောကြောင့်ဖြစ်ကြောင်း ပြောကြားပါသည်။ အခြားဖြေဆိုသူများကမူ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်၏လက်လှမ်းမှီမှုဆိုင်ရာကိစ္စရပ်များကြောင့် မဲမပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ ၁၇% က ၎င်းတို့နေထိုင်ရာနေရာသည် မဲစာရင်းပါသည့်နေရာနှင့် ဝေးကွာသည့် အတွက်ကြောင့်ဖြစ်ကြောင်း၊ ၁၆%က မဲစာရင်းတွင် ၎င်းတို့၏နာမည်များ မပါဝင်၍ဖြစ်ကြောင်းနှင့် ၁၀% က ၎င်းတို့တွင် လိုအပ်သည့် သက်သေခံအထောက်အထား စာရွက်စာတမ်း မရှိသည့်အတွက်ကြောင့်ဟု ဖြေကြားကြပါသည်။
အများအားဖြင့် တိုင်းဒေသကြီးများမှစိတ်မပါသည့်အတွက်ကြောင့် မဲမပေးဟု ဖြေဆိုသူများကို ပြည်နယ်များမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်၏လက်လှမ်းမှီမှုဆိုင်ရာကိစ္စရပ်များကြောင့်ဟု ဖြေဆိုသူများနှင့် နှိုင်းယှဉ်ကြည့်ပါက ခြားနားချက်များ ရှိနေပါသည်။
မဲမပေးခဲ့ပါဟုဆိုသည့် ဖြေဆိုသူများတွင် လူငယ်များ၏ ၂၂% သည် လူကြီးများ၏ ၁၄% နှင့်နှိုင်းစာလျှင် ၎င်းတို့နေထိုင်သည့်နေရာမှာ မဲစာရင်းပါသည့်နေရာနှင့် ဝေးကွာသည့်အတွက်ကြောင့်ဟု ဖြေဆိုပါသည်။ ဤအချက်သည် အလုပ်အကိုင် သို့မဟုတ် ပညာသင်ကြားမှုကြောင့် မူလ နေထိုင်ရာနေရာမှ ဝေးကွာသောနေရာတွင် နေထိုင်ကြရသည့် လူငယ်အရေအတွက်နှင့် ဆက်စပ်လျက်ရှိ သည်။ အခြားတစ်ဖက်တွင်မူ သက်ကြီးမဲပေးသူများသည် လုံလောက်သည့် အထောက်အထား စာရွက်စာတမ်းများ မရှိသောကြောင့်ဖြစ်သည်ဟု ပိုမို၍ပြောဆိုသည့်သဘောရှိသည်။
ပြုပြင်ပြောင်းလဲမှုများအတွက် ဦးစားပေးလုပ်ဆောင်ရမည့် ကိစ္စရပ်များအပေါ် ဗဟုသုတနှင့် သဘောထားအမြင်များ
ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက် ဦးစားပေးလုပ်ဆောင်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အများပြည်သူ၏ ဗဟုသုတနှင့် အမြင်များကို တိုင်းတာရန် PACE သည် စစ်တမ်းဖြေကြားသူများကို ၂၀၁၅ ရွေးကောက်ပွဲနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် ဦးစားပေးကိစ္စရပ်များအပေါ် ၎င်းတို့၏ အမြင်များနှင့်ပတ်သက်၍ မေးမြန်းခဲ့ပါသည်။
လွတ်လပ်ပြီး အမှီအခိုကင်းသည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများနှင့် ပတ်သက်သည့် ဗဟုသုတ
PACE သည် “၂၀၁၅ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး အမှီအခိုကင်းသည့် အရပ်ဘက်အဖွဲ့အစည်းများမှ စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်ကြတယ်လို့ ကြားမိပါသလား” ဟု စစ်တမ်းဖြေကြားသူများကို မေးမြန်းခြင်းအားဖြင့် လွတ်လပ်ပြီး အမှီအခိုကင်းသည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့် ပတ်သက်သည့် လူထု၏ ဗဟုသုတအခြေအနေကို တိုင်းတာခဲ့သည်။ ဖြေဆိုသူများထဲမှ ထက်ဝက်ကျော် (၅၃%) က လွတ်လပ်ပြီး အမှီအခိုကင်းသည့် စောင့်ကြည့်လေ့လာသူ အရပ်ဘက် အဖွဲ့ အစည်းများရှိသည်ကို ကြားမိသည်ဟု ဖြေဆိုကြပြီး ၃၇% က မကြားဖူးပါဟုဖြေဆို၍ ၁၀% ကမူ မသိပါဟု ပြန်လည်ဖြေဆိုခဲ့သည်။ ဤအချက်သည် PACE ၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာစစ်တမ်းနှင့်နှိုင်းယှဉ်လျှင် အနည်းငယ်တိုးတက်မှုရှိပြီး ထိုစစ်တမ်းထဲတွင် ဖြေဆိုသူ ၄၆% က ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို ကြားဖူးသည်ဟု ဆိုထားပါသည်။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့် ပတ်သက်ပြီး သိရှိသည်ဟုဆိုသူများတွင် ပြည်နယ်များမှ ဖြေဆိုသူများက တိုင်းဒေသကြီးများမှ ဖြေဆိုသူများထက် နည်းပါးသည့်သဘောရှိနေသည်။ အလားတူပင် ထိုသို့သိရှိသည်ဆိုသည့်သူများတွင် အမျိုးသမီးများက အမျိုးသားများထက် ပိုမိုနည်းပါးနေသည့် သဘောကိုတွေ့ရှိရသည်။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ အကျိုးသက်ရောက်မှုအပေါ် ရှုမြင်မှုများ
PACE သည် ပြည်တွင်းနှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ပါဝင်မှုက “ပွင့်လင်း မြင်သာသည့်ရွေးကောက်ပွဲများပေါ်ပေါက်ရေးကို အကူအညီဖြစ်နိုင်သလား”ဟုလည်း စစ်တမ်းဖြေဆိုသူများအား မေးမြန်းခဲ့သည်။ ဖြေဆိုသူများထဲမှ သုံးပုံနှစ်ပုံကျော်က နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများနှင့် နှိုင်းစာလျှင် ပြည်တွင်းစောင့်ကြည့်လေ့လာသူများက အနည်းငယ်ပို၍ အကူအညီ ဖြစ်စေသည်ဟု ထင်မြင်ကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။
PACE မှ ၂၀၁၅ မေလတွင် နိုင်ငံသားများကို မေးမြန်းခဲ့သည့် နောက်ပိုင်းတွင် လွတ်လပ်ပြီး အမှီအခိုကင်းသည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲများ ပေါ်ပေါက်ရေးကို အာမခံနိုင်သည်ဟု ယုံကြည်သည့် ပြည်သူလူထု ရာခိုင်နှုန်းသည် သိသိသာသာ တိုးတက်လာခဲ့သည်။
စောင့်ကြည့်လေ့လာသူများ၏အကျိုးသက်ရောက်မှုအပေါ် ပတ်သက်၍ လူမှုဆိုင်ရာ - အရပ်ဒေသဆိုင်ရာ အုပ်စုများအကြား သိသာထင်ရှားသည့် ခြားနားမှုမရှိပေ။ သို့သော် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများနှင့် ပတ်သက်၍ သိရှိသည်ဟုပြောသော ဖြေဆိုသူများသည် စောင့်ကြည့်လေ့လာသူများအနေဖြင့် ရွေးကောက်ပွဲများ၏ ပွင့်လင်းမြင်သာမှုကို အာမခံကူညီပေးနိုင်သည်ဟု ပိုမိုစဉ်းစားသုံးသပ်သည့်သဘော ရှိပါသည်။
ရွေးကောက်ပွဲဖြစ်စဉ်ကို ဓမ္မဓိဋ္ဌာန်ကျကျသုံးသပ်မှုနှင့်ပတ်သက်သည့် ယုံကြည်စိတ်ချရသော ရင်းမြစ်များ
ရွေးကောက်ပွဲဖြစ်စဉ်၏ အရည်အသွေးပိုင်းကို ဆုံးဖြတ်ရန်အတွက် ပြည်သူလူထုက ယုံကြည်စိတ်ချသူများကို သိရှိနိုင်ရန် PACE သည် “ရွေးကောက်ပွဲဖြစ်စဉ်များကို သုံးသပ်ရာမှာသင့်အနေဖြင့် ဘယ်သူတွေက ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်မယ်လို့ ထင်ပါသလဲ” ဟူ၍ စစ်တမ်းဖြေကြားသူများအား မေးမြန်းခဲ့သည်။ သိသိသာသာအနေဖြင့် ၅% အောက်သည် ရွေးကောက်ပွဲဖြစ်စဉ်ကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်အကဲဖြတ်မှုကို စောင့်ကြည့်လေ့လာသူများက ကူညီပေးနိုင်သည်ဟု ဆိုပါသည်။
၂၀၁၅ ရွေးကောက်ပွဲများနှင့် ပတ်သက်၍ ကျေနပ်မှုအဆင့်များ
PACE သည် “သင့်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဘယ်လောက်အတိုင်းအတာအထိကျေနပ်မှုရှိပါသလဲ”ဟု စစ်တမ်းဖြေဆိုသူများအား မေးမြန်းခဲ့သည်။ အကြမ်းဖျင်းအားဖြင့် ဖြေဆိုသူများသည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အလွန်အကောင်းမြင်ကြသည်။ ဖြေဆိုသူများထဲမှ ထက်ဝက်ကျော် (၅၂%) သည် ဖြစ်စဉ်နှင့်ပတ်သက်ပြီး အလွန်ကျေနပ်သည်ဟုဖြေဆိုကြပြီး ၃၅% က အတိုင်းအတာတစ်ခုအထိ ကျေနပ်သည်ဟု ဆိုပါသည်။ ဖြေဆိုသူများထဲမှ ၅% က အတိုင်းအတာတစ်ခုအထိ သို့မဟုတ် ကျေနပ်မှု လုံးဝမရှိပါဟု ဖြေကြားခဲ့သည်။ ၈% က မသိပါဟု ဖြေဆိုသည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ် ပြုပြင်ပြောင်းလဲမှုများအတွက် လိုအပ်ချက်နှင့်ပတ်သက်၍ အများပြည်သူ၏ သဘောထားအမြင်
PACE သည် “အနာဂတ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ ပိုမိုကောင်းမွန်လာစေရန်အတွက် ၂၀၁၅ ရွေးကောက်ပွဲဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတွေကို ပြင်ဆင်ဖို့လိုအပ်တယ်လို့ သင့်အနေနဲ့ ယူဆပါသလား” ဟူသော မေးခွန်းကို မေးမြန်းခဲ့သည်။ ဖြေကြားသူများက ကောင်းမွန်ရန်အတွက် လိုအပ်ချက်များရှိသည်ဟု ဖြေကြားခဲ့ကြသည်။ ၄၀% က ကောင်းမွန်ရန်အတွက် လိုအပ်ချက်များ ရှိသည်ဟုလည်းကောင်း၊ ၃၂% က မရှိပါဟုလည်းကောင်း၊ ၂၆% က မသိပါဟု ပြန်လည်ဖြေကြားခဲ့သည်။
ရွေးကောက်ပွဲဖြစ်စဉ် ကောင်းမွန်လာရန် လိုအပ်ချက်ရှိသည်ဟု မှတ်ချက်ပေးသူများအား “အနာဂတ်မှာ ဘယ်အရာတွေကို ပြင်ဆင်ရမယ်ဆိုတာ တိတိကျကျစဉ်းစားထားတာရှိရင်ပြောပြပေးပါ” ဆိုသည့် မေးခွန်းကို အဖြေ ၃ ခုအထိပေးရန် မေးမြန်းခဲ့သည်။ ဖြေဆိုသူများထဲမှ ၆၁% က မဲဆန္ဒရှင် စာရင်း/မဲစာရင်းပြုစုခြင်းကို တိုးတက်ကောင်းမွန်လာမှုအတွက် ပြင်ဆင်ရမည့်အရာတစ်ခုအဖြစ် ရည်ညွှန်းဖြေဆိုပါသည်။ ၃၇% က ရွေးကောက်ပွဲနေ့ စီမံခန့်ခွဲပုံကို ညွှန်းဆိုဖြေကြားခဲ့ပြီး ၃၅% က နိုင်ငံသားနှင့် မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများ တိုးတက်ကောင်းမွန်ရန် လိုအပ်လျက်ရှိသည်ဟု ဖြေဆိုခဲ့သည်။ မဲမသမာမှုများနှင့် ကော်မရှင်၏ဖွဲ့စည်းပုံ၊ ခန့်အပ်တာဝန်ပေးပုံအပြင် ကော်မရှင် အဖွဲ့ခွဲများကိုလည်း အများအားဖြင့် ညွှန်းဆိုဖော်ပြခဲ့ကြသည်။ ရွေးကောက်ပွဲများ ပိုမိုကောင်းမွန်စေရန်အတွက် လိုအပ်ချက်ရှိသည်ဟု ဖြေဆိုသူများက ဆိုသော်လည်း လေးပုံတစ်ပုံကမူ တိုးတက်ကောင်းမွန်လာနိုင်သည့်အချက်ကို ၎င်းတို့အနေဖြင့် တိတိကျကျမသိပါဟု ဖြေဆိုခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ပတ်သက်၍ အရေးကြီးသည့် အရည်အချင်းများအပေါ် ရှုမြင်မှုများ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ်ကို ပြည်ထောင်စုအဆင့်နှင့် တိုင်းနှင့်ပြည်နယ်ဒေသကြီး အဆင့်အလိုက် ဖွဲ့စည်းသည့်အခါ PACE သည် အဆိုပါနေရာများအတွက် အရေးကြီးသည့် အရည်အချင်းများအပေါ် အများပြည်သူ၏ ရှုမြင်ပုံများကို တိုင်းတာခဲ့သည်။ “ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တွေအတွက် ဘယ်လိုအရည်အချင်းတွေက အရေးအကြီးဆုံးဖြစ်တယ်လို့ သင့်အနေနဲ့ထင်ပါသလဲ” ဆိုသည့် စစ်တမ်းမေးခွန်းကို PACE မှ မေးမြန်းခဲ့သည်။
ဖြေဆိုသူများထဲမှ သုံးပုံတစ်ပုံက သမာသမတ်ကျမှုနှင့် ယုံကြည်ကိုးစားရမှုသည် အရေးကြီးဆုံး ဖြစ်သည်ဟု ဖြေဆိုကြပြီး၊ ၁၈% က အတွေ့အကြုံရှိမှုနှင့် ကျွမ်းကျင်မှုရှိခြင်းက အရေးကြီးဆုံး ဟုဆိုပါသည်။ ၈% က လွတ်လပ်ပြီးအမှီအခိုကင်းမှုသည် အရေးကြီးဆုံးဖြစ်သည်ဟု ဖြေဆိုပါ သည်။
နိုင်ငံရေးအဖွဲ့အစည်းများ၊ အင်စတီကျူးရှင်းများနှင့် အသစ်ရွေးချယ်ထားသူများအပေါ် သိမြင်နားလည်ထားမှုနှင့် မျှော်မှန်းချက်များ
သမ္မတရွေးချယ်တင်မြှောက်သည့် နည်းလမ်းနှင့် ပတ်သက်ပြီး အများပြည်သူသိနားလည်မှု
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးကဏ္ဍပိုင်းနှင့်ပတ်သက်၍ နိုင်ငံသားများ၏ ဗဟုသုတအဆင့်ကို တိုင်းတာနိုင် ရန်အတွက် PACE သည် “သမ္မတကို ဘယ်လိုရွေးချယ်လိုက်တယ်ဆိုတာကို သိပါသလား”ဟူသည့် မေးခွန်းကို စစ်တမ်းဖြေဆိုသူများအား မေးမြန်းခဲ့သည်။ ဖြေဆိုသူများထဲမှ ၁၂% ကသာလျှင် သမ္မတကို ပြည်ထောင်စုလွှတ်တော်မှ ရွေးချယ်တင်မြှောက်သည်ဟု မှန်ကန်စွာဖြေဆိုခဲ့သည်။ ဖြေဆိုသူ ၁၉% က သမ္မတကို မဲဆန္ဒရှင်များက တိုက်ရိုက်ရွေးကောက်တင်မြှောက်သည်ဟု ဖြေဆိုကြပြီး ၁၇% က အမတ်နေရာ အများဆုံးရသည့်ပါတီက ရွေးကောက်တင်မြှောက်သည်ဟု ဆိုပါသည်။ ၄၈% ကမူ ၎င်းတို့မသိပါဟု ဆိုပါသည်။ သမ္မတကို မည်သို့ရွေးချယ်တင်မြှောက်သည်နှင့် ပတ်သက်ပြီး အမျိုးသားများထက် အမျိုးသမီးများက အခြေခံဗဟုသုတ ပိုမိုနည်းပါးသည်ကို တွေ့ရသည်။
အလားတူမေးခွန်းမျိုးကို မေးမြန်းခဲ့သည့် The Asia Foundation (TAF)၏ တစ်နိုင်ငံလုံး အတိုင် အတာစစ်တမ်းကို ကောက်ယူခဲ့သည့်အချိန်ဖြစ်သော ၂၀၁၄ ခုနှစ်နှင့် ယခု ၂၀၁၆ ခုနှစ်အကြားတွင် သမ္မတကို မည်သို့ရွေးချယ်တင်မြှောက်သည်ကို မှန်ကန်စွာဖြေဆိုနိုင်သူ ရာခိုင်နှုန်းမှာ အပြောင်းအလဲ မရှိပေ။
အစိုးရတာဝန်သူရှိများနှင့် ပတ်သက်သည့် ဗဟုသုတ
ကိုယ်စားလှယ်များနှင့် အစိုးရတာဝန်သူရှိများနှင့်ပတ်သက်၍ နိုင်ငံသားများ၏ ဗဟုသုတကို တိုင်းတာရန်အတွက် PACE သည် “သင့်အနေဖြင့် (က) ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် (ခ) ဤဒေသတွင် အသစ်ရွေးချယ်ခံထားရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏အမည်ကိုသိပါသလား” ဆိုသည့် စစ်တမ်းမေးခွန်းကို မေးမြန်းခဲ့သည်။
ဖြေဆိုသူ လေးပုံတစ်ပုံအောက်သည် ၎င်းတို့၏ တာဝန်ရှိသူများနှင့်ပတ်သက်၍ မြင့်မားသည့် ဗဟုသုတ ရှိကြပြီး သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးတို့၏ အမည် များကို မှန်မှန်ကန်ကန် သိရှိကြပါသည်။ အမျိုးသားများက အမျိုးသမီးများထက် အနည်းငယ် ပိုမို၍ ဗဟုသုတများသည်ကို တွေ့ရှိရသည်။
The Asia Foundation ၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တမ်းကောက်ယူသည့် ၂၀၁၄ ခုနှစ်က အလားတူမေးခွန်းမျိုးကို ဖြေဆိုသူများထက် ၂၀၁၆ ခုနှစ်တွင်ဖြေဆိုသူများက ၎င်းတို့၏ လွှတ်တော် ကိုယ်စားလှယ်များ၏အမည်ကို ပို၍ပြောပြနိုင်သည်။ ၂၀၁၄ ခုနှစ်ကနှင့်နှိုင်းယှဉ်လျှင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၏အမည်ကို သိရှိသည့်သူရာခိုင်နှုန်းသည် အနည်းငယ်လျော့ကျသွားသည်။ PACE အနေဖြင့် ထိုသို့အနည်းငယ်လျော့ကျသွားမှုကို PACE စစ်တမ်းကောက်ယူမှု စီစဉ်ဆောင်ရွက်ခဲ့သည့် အချိန်ကာလအတောအတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို မကြာသေးခင်ကမှ ခန့်အပ်ခဲ့သည့်အတွက်ကြောင့်ဟု ယုံကြည်သည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားဆောင်ရွက်ချက်များအပေါ် သိရှိမှု
“လွန်ခဲ့သည့် ၅ လအတွင်း အသစ်ရွေးချယ်ခံရသည့် သင်တို့၏ လွှတ်တော်ကိုယ်စားလှယ်များက အစည်းအဝေးများ ခေါ်ယူကျင်းပခြင်း လုပ်ဆောင်ချက်များ တစ်ခုခုပြုလုပ်သည်ဟု သတိပြုမိပါသလား” ဆိုသည်ကို PACE မှ မေးမြန်းခဲ့သည်။ ဖြေဆိုသူများထဲမှ လေးပုံတစ်ပုံက လွန်ခဲ့သည့် ၅ လအတွင်း လွှတ်တော်ကိုယ်စားလှယ်များက လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်သည်ကို ကြားသိပါသည်ဟု ဖြေဆိုသည် (ဇန်နဝါရီ - မေ ၂၀၁၆)။ ၉% ကမူ ၎င်းတို့အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ခဲ့ သည်ဟု ဆိုပါသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ အများပြည်သူ၏ မျှော်မှန်းချက်များ
PACE သည် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍအပေါ် နိုင်ငံသားများမှ မည်သို့ရှုမြင်သည်ကို သိရှိလိုခဲ့သည်။ စစ်တမ်းဖြေဆိုသူများအား လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အချိန်ကို အသုံးပြုပုံများကို PACE မှပြောပြပြီး လွှတ်တော်ကိုယ်စားလှယ်များအတွက် အရေးပါမှုအရှိဆုံးနှင့် အနည်းဆုံး အခန်းကဏ္ဍများကို ခွဲခြားသတ်မှတ်ပေးရန် မေးမြန်းခဲ့သည်။ ဖြေကြားသူများထဲမှ ၂၂% က လွှတ်တော်ကျင်းပချိန်တွင် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးခြင်းသည် လွှတ်တော်ကိုယ်စားလှယ်များ၏ အရေးအကြီးဆုံးသော အခန်းကဏ္ဍဖြစ်သည်ဟု ပြောပါသည်။ ၂၁ ရာခိုင်နှုန်းကမူ ၎င်းတို့သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ခြင်းက အရေးအကြီးဆုံးဟုဆိုကြ၍ ၁၄ ရာခိုင်နှုန်းက မဲဆန္ဒနယ်များသို့ မကြာခဏသွားရောက်ပြီး ထိုဒေသမှ မဲဆန္ဒရှင်များ၏ကိစ္စရပ်များကို နားထောင်ခြင်းက အရေးအကြီးဆုံးဖြစ်သည်ဟု ဖြေကြားသည်။
နေ့စဥ်လူမှုဘဝအပေါ် သက်ရောက်မှုဖြစ်စေသည့် ပြဿနာရပ်များအပေါ် အများပြည်သူ၏ သဘောထား
PACE သည် စစ်တမ်းဖြေဆိုသူများအနေဖြင့် ၎င်းတို့၏ နေ့စဉ်ဘဝတွင် ရင်ဆိုင်နေရသော ပြဿနာရပ် များနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။
စစ်တမ်းဖြေဆိုသူများ ဖြေဆိုသည့်အစဉ်အတိုင်းကို အသေအချာကြည့်ရှုသည့်အခါ ကိစ္စရပ်အတော်များများသည် ၎င်းတို့၏ နေ့စဉ်လူနေမှုဘဝနှင့်နီးစပ်သည့် ကိစ္စရပ်များဖြစ်ပါသည်။ ဖြေဆိုသူများက အခြားသောကိစ္စရပ်များထက် လျှပ်စစ်မီး၊ နေထိုင်စားသောက် ကုန်ကျစရိတ်နှင့် အခြေခံ အဆောက်အုံ/လမ်းများကို ဖော်ပြကြပါသည်။
အစိုးရသစ်အတွက် ဦးစားပေးကိစ္စရပ်များအပေါ် အများပြည်သူ၏ သဘောထင်မြင်ချက်
PACE သည် အစိုးရသစ်အနေဖြင့် ကိုင်တွယ်ဖြေရှင်းသင့်သည့် တစ်နိုင်ငံလုံးအနေနှင့် ရင်ဆိုင်နေရသော ပြဿနာရပ်များကို စစ်တမ်းဖြေဆိုသူများအားမေးမြန်းခဲ့သည်။ ဖြေဆိုသူအများစု (၄၁%) က ငြိမ်းချမ်းရေးနှင့် လက်နက်ကိုင် ပဋိပက္ခတို့သည် နိုင်ငံအနေဖြင့် ရင်ဆိုင်နေရသည့် ထိပ်တန်းဦးစားပေး ကိစ္စများဖြစ်သည်ဟုဆိုကြပြီး၊ ၂၃% က ပညာရေးဟုဆို၍ ၁၈% က အခြေခံအဆောက်အဦကဏ္ဍသည် အဓိကကျသော ကိစ္စရပ်များဖြစ်သည်ဟု ဖြေဆိုကြသည်။
ဖြေဆိုသူများထဲမှ ၅၀% က နိုင်ငံအဆင့် ကိုင်တွယ်ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ ကို “မသိပါ”ဟု ဖြေဆိုကြပြီး ဒေသဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ “မသိပါ”ဟု ဖြေဆိုသူ ၂၅% ရှိပါသည်။ နိုင်ငံအဆင့်ကိစ္စရပ်များကို “မသိပါ”ဖြေဆိုသူများသည် ကျေးလက်ဒေသမှ ဖြေဆို သူများ၊ အမျိုးသမီးများနှင့် ပြည်နယ်များမှ ဖြေဆိုသူများ ဖြစ်ကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဖြေဆိုသူများက မတူညီသည့် ဦးစားပေးအရာများကို ဖော်ပြကြပြီး ပြည်နယ်များမှ ဖြေဆိုသူများက ငြိမ်းချမ်းရေးနှင့် လက်နက်ကိုင် ပဋိပက္ခကို တိုင်းဒေသကြီးများမှဖြေဆိုသူများထက် ပိုအရေးပါသည့် ဦးစားပေးအရာများအဖြစ် ဖော်ပြကြသည်။ တိုင်းဒေသကြီးများမှ ဖြေဆိုသူများက စက်ရုံ၊ အလုပ်ရုံများ၏ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်နေမှု များ၊ အလုပ်လက်မဲ့ပြဿနာနှင့် မြေယာကိစ္စရပ်များကို ပို၍အရေးပါသည့် ဦးစားပေးကိစ္စရပ်များအဖြစ် ဖော်ပြကြသည်။
အဖွဲ့အစည်းများအပေါ် အများပြည်သူယုံကြည်မှု
PACE သည် အများပြည်သူဆိုင်ရာနှင့် ပုဂ္ဂလိကဆိုင်ရာ အဖွဲ့အစည်းများအပေါ် နိုင်ငံသားများအနေဖြင့် မည်မျှယုံကြည်မှုရှိကြောင်းကို မေးမြန်းခဲ့သည်။ ဖြေကြားသူများ၏ ၈၀% က ဘာသာရေး ခေါင်းဆောင်များကို အယုံကြည်ဆုံးဟု ဖြေဆိုကြပြီး ၇၉% က သမ္မတကို ယုံကြည်မှုအရှိဆုံးဟု ဆိုပါသည်။ အရပ်ဘက်အဖွဲ့အစည်းနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများကို ဖြေဆိုသူများ၏ ၆၈% က ယုံကြည်ကြပြီး ၆၂% ကမူ ပြည်ထောင်စုအဆင့်လွှတ်တော်ကို ယုံကြည်ကြောင်း ဖြေကြားခဲ့သည်။